မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲကို ဒီဇင်ဘာ ၂၂ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတာကြောင့် ပြည်သူတယောက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အညာမြေအရပ်ဘက်အဖွဲ့အစည်း မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေက “မြိုင်မြို့နယ်မြောက်ပိုင်းမှာရှိတဲ့ ရွာသစ်ကုန်းရွာကို မကွေးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာပါ။ ရွာထဲက လူနေအိမ် ၂ လုံး ပျက်စီးပြီးတော့ ပြည်သူတယောက် ဒဏ်ရာရထားပါတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ သိရပါတယ်ဗျ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၂၂ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်မှာလည်း မြိုင်မြို့နယ်ထဲက သရက်ကန် ရေနံမှော်ထဲကိုလည်း ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်သွားသေးတယ်လို့ ဆိုပါတယ်။
မြိုင်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ ထောက်လှမ်းရေးမှူးက “ကျနော်တို့ သိရသလောက်တော့ ဒီနေ့မနက် ဗုံးကြဲခံရတဲ့နေရာတွေမှာ မြေပြင်တိုက်ပွဲတွေ ဖြစ်နေတာမရှိဘူး။ စကစ စစ်ကြောင်းတွေကတော့ ရှိနေသေးတာပေါ့။ သရက်ကန်ရေနံမှော်ထဲကို ဗုံးကြဲခံရတဲ့ မြေပြင်ထိခိုက်ပျက်စီးတဲ့ အခြေအနေကိုတော့ စုံစမ်းနေပါတယ်” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၂၁ ရက်နေ့ကလည်း မြိုင်မြို့နယ်ထဲက ဘုန်းကြီးကန်ကျေးရွာကို စစ်ကောင်စီတပ်က ဂျိုင်ရိုကော်ပတာ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်တွေ ပျက်စီးပြီး အမျိုးသမီး တယောက် သေဆုံးကာ၊ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။
မြိုင်မြို့နယ်အပါအဝင် မြိုင်မြို့နယ်နဲ့ထိစပ်နေတဲ့ ပေါက်မြို့နယ်တွေထဲကိုလည်း စစ်ကောင်စီတပ်က ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်အန္တရာယ်ကို သတိထားပြီး နေထိုင်သွားလာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။




