
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ထဲကို ဒီဇင်ဘာ ၂၁ ရက် တရက်တည်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ်လောက် ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “သဖန်းဆိပ်ဆည်တဝိုက်ကို နေ့လယ်ခင်းကနေ ညနေပိုင်းအထိ ဂျက်ဖိုက်တာတွေနဲ့ ဗုံးလာကြဲနေတာ ဆက်တိုက်ပဲ။ ဗုံးကြဲခံရတာ ၁၀ ကြိမ်ထက်တော့ မနည်းတော့ဘူးဗျ” လို့ ပြောပါတယ်။
သဖန်းဆိပ်ဆည်အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်ကောင်စီဘက်က အထိနာနေလို့ လေကြောင်းကနေ ပစ်ကူပေးတာတွေ တောက်လျှောက် ပြုလုပ်နေတာလို့လည်း ဆိုပါတယ်။
ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ တာဝန်ရှိသူက “သဖန်းဆိပ်ဆည်ပတ်ဝန်းကျင်ကို မနက် ၁၀ နာရီလောက်မှာ ၂ ကြိမ်၊ နေ့လယ် ၂ နာရီလောက်မှာ ၇ ကြိမ်နဲ့ ညနေ ၄ နာရီလောက်မှာ ၃ ကြိမ်တို့ကို တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲသွားကြတာပါ။ ညနေ ၅ နာရီခွဲလောက်မှာတော့ မိတ္ထီလာလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ တကြိမ် ထပ်ကြဲသွားပါသေးတယ်”လို့ ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးတဲ့ မြေပြင်အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ကျွန်းလှမြို့နယ်နဲ့ တန့်ဆည်မြို့နယ်အစပ်က ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းရန်ကို အထူးဂရုစိုက် နေထိုင်ကြဖို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့အပြင် စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ ကျွန်းလှမြို့နယ်နဲ့ တန့်ဆည်မြို့နယ်တွေကို ဆက်သွယ်ထားပြီး စစ်ရေးအရ အရေးပါတဲ့ ရွာရှည်-ပုတီး-ညောင်ကိုင်း ကားလမ်းပိုင်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားပါတယ်။
ကျွန်းလှနယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ သဖန်းဆိပ်ဆည်တဝိုက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။


