
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အရှေ့ခြမ်း ငါးပတ်ချောင်းရွာကို ဒီဇင်ဘာ ၂၃ ရက် ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေအပါအဝင် အရပ်သား ၇ ယောက် သေဆုံးခဲ့ပြီး ၆ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ငါးပတ်ချောင်းရွာကို မိတ္ထီလာလေတပ်က တက်လာတဲ့ တိုက်လေယာဉ်တစီးနဲ့ ပေါင် ၂၀၀ ဗုံး ၄ လုံးနဲ့ ၃ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ကျနော်တို့ သိရတာကတော့ ဂျက်ဖိုက်တာ နဲ့ ပစ်ခတ်တဲ့နေရာမှာပဲ သေဆုံးတာပါ။ အဲဒီအထဲကမှ ၁၄ နှစ်အရွယ် ကလေးတဦးက စစ်ရှောင်လို့ သိရတယ်။ အဲဒီကလေးက စဉ့်ကူးမြို့နယ်ထဲက စစ်ရှောင်ကလေးပါ။ သေဆုံးသူတွေထဲ စစ်ရှောင်ဆိုလို့ သူတဦးပဲပါတယ်” လို့ DVB ကိုပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၈၀ အရွယ် ဒေါ်သန်းမြ၊ အသက် ၇၅ နှစ်အရွယ် ဒေါ်ကျင်၊ အသက် ၂၅ အရွယ် ကိုမင်းသန့်၊ အသက် ၁၄ နှစ်အရွယ် စဉ့်ကူးမြို့က စစ်ရှောင်ကလေးတဦး၊ အသက် ၇ နှစ်အရွယ် ကလေးတယောက်၊ အသက် ၃၅ နှစ်အရွယ် ဒေါ်မာသွယ်နဲ့ သူ့ရဲ့မိခင် အသက် ၈၀ ကျော်အရွယ် ဒေါ်ခင်တင့်တို့ သေဆုံးတယ်လို့ သိရပါတယ်။
Wetlet Informational Network က တာဝန်ရှိသူတယောက်က “ဘာကြောင့်ကြဲတယ်လို့တော့ မသိရပါဘူး။ မြေပြင်မှာတော့ တိုက်ပွဲလည်းမရှိဘူး။ စစ်ရေးလှုပ်ရှားတာမရှိဘဲ အလွတ်ကြီး ကြဲသွားတာဗျ။ ဒဏ်ရာရသူက အမျိုးသမီးတဦးနဲ့ အမျိုးသား ၅ ဦးပါ။ ဆေးရုံတွေကို ပို့ထားပါတယ်” လို့ ပြောပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုမှာ ရွာဘုရားဝင်းနဲ့ နေအိမ် ၄ လုံး၊ ကား ၃ စီးပျက်စီးပြီး နွားတကောင် ထိမှန်တယ်လို့ သိရပါတယ်။


