
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ဆင်အင်းကြီး၊ ကွန်းတောင်၊ ခမောင်တော စတဲ့ ကျေးရွာ ၃ ရွာကို ဒီဇင်ဘာ ၂၂ ရက်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၂ ရက် ညနေ ၅ နာရီကျော်မှာ ပေါင်း ၃၀၀ ဗုံး ၂ လုံး ကြဲချခဲ့သလို ညနေ ၆ နာရီကျော်မှာ ကွန်းတောင်ကျေးရွာနဲ့ ညနေ ၇ နာရီဝန်းကျင်မှာ ခမောင်တောကျေးရွာအနီးကို ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပုဏ္ဏားကျွန်း ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ပုဏ္ဏားကျွန်းမြို့နယ်နဲ့ စစ်တွေမြို့နယ် အစပ်မှာရှိတဲ့ ကျေးရွာ ၃ ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာ ရှိတယ်။ လေကြောင်းတိုက်ခိုက်ခံရတာကတော့ ဆင်အင်းကြီး၊ ကွန်းတောင်နဲ့ ခမောင်တော ကျေးရွာတို့ကို တိုက်ခိုက်ခဲ့တာ။ အဲဒီရွာတွေက ရွာသားတွေ စစ်ရှောင်နေကြရတာကြောင့် အထိအခိုက်တော့ မရှိဘူး။ ကွန်းတောင်ရွာမှာတော့ အိမ် ၂ ဆောင် ပျက်စီးသွားတာရှိတယ်။ စစ်ကောင်စီက စစ်တွေမှာ အထိနာနေတာကြောင့် ဆက်စပ်နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်နေတာ။”
ဒီဇင်ဘာ ၁၂ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်က တောင်ပေါက်ကျေးရွာနဲ့ ခမောင်တောကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီဟာ ဒီဇင်ဘာလအတွင်းမှာ ရခိုင်က မြို့နယ် ၆ ခုထက်မနည်းကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသေဆုံးသူ ၅၀ ထက်မနည်းရှိပြီး ထိခိုက်ဒဏ်ရာရှိသူလည်း ၁၀၀ နဲ့အထက်မှာ ရှိတယ်လို့ ဒေသတွင်း လူမှုကူညီရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
အဲဒီ လေကြောင်းတိုက်ခိုက်မှုတွေမှာ မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုနဲ့ ကျောက်ဖြူမြို့နယ်က ငလုံစုကျေးရွာ လေကြောင်းတိုက်ခိုက်မှုတို့မှာ အရပ်သား အစုလိုက် အပြုံလိုက် ထိခိုက်သေဆုံးခဲ့ကြရပြီး အဲဒီတိုက်ခိုက်မှုတွေအတွက် ပြင်းထန်စွာ တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော် (AA) ဘက်က ပြောထားပါတယ်။
စစ်ကောင်စီက ရခိုင်က အရပ်သား မြို့ရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်လာနေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ် အထူးသတိပြုဖို့ကိုလည်း တိုက်တွန်းထားပါတယ်။


