
နှစ်ဖက် စစ်ရေးပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ နေရာကို ဒီဇင်ဘာ ၂၂ ရက် မနေ့ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင် ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ KIA က ပြောပါတယ်။
မြို့သိမ်းတိုက်ပွဲကြောင့် ဗန်းမော်မြို့ပေါ်ကနေ စစ်ဘေးတိမ်းရှောင်လာသူတွေ ခိုလှုံနေထိုင်နေတဲ့ မံမလင်းရွာကို ဂျက်တိုက်ခိုက်ရေးလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၃ နှစ်ကနေ ၇၀ အတွင်းရှိ အမျိုးသမီး ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ရှေ့တန်းစစ်မျက်နှာပြင်နဲ့ အရပ်သားရှိတဲ့ နေရာတွေကို နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက DVB ကို ပြောပါတယ်။
“ဗန်းမော်မှာ တိုက်ပွဲက နေ့တိုင်းရှိနေပြီး လေကြောင်းနဲ့ နေ့တိုင်း ဗုံးလာကြဲနေတာ ရှိတယ်။ မနေ့ ညနေပိုင်း ၄ နာရီမှာ တပ်မဟာ ၈၊ တပ်ရင်း ၅ နယ်မြေဘက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာ၊ ရော့ကတ်နဲ့ ပစ်တာ။ အဲဒါကြောင့် ပြည်သူလူထု ၄ ယောက် ဒဏ်ရာရတာ ရှိပါတယ်။”
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၇၀ ကျော် ဒေါ်ဝဂျယ်ဘောက်၊ အသက် ၄၀ ကျော် ဒေါ်စိန်ထွေး၊ အသက် ၂၆ မမီးမီး၊ အသက် ၁၃ နှစ်အရွယ် မစုလင်းလတ်ထွန်းတို့ ဦးခေါင်းနဲ့ ကျောပြင်တို့မှာ ဗုံးစထိမှန်ခဲ့တာပါ။
ဗန်းမော်က ခလရ (ခြေလျင်တပ်ရင်း) ၄၇ နဲ့ သုံးမိုင်နေရာတဝိုက်ကို စစ်ကောင်စီတပ်က မြေပြင်က ထိုးစစ်ဆင်နေတာကြောင့် နေ့စဉ်နီးပါး နှစ်ဖက် တိုက်ပွဲဖြစ်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒါ့အပြင် ဖားကန့်၊ ဝိုင်းမော်၊ ခေါင်လန်ဖူးဘက်တွေမှာလည်း စစ်ကောင်စီတပ်က မြေပြင်ကနေ စစ်ကြောင်းထိုးတာအပြင် လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတို့နဲ့လည်း နေ့စဉ် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
KIA ရဲ့ သတင်းဌာနတခုဖြစ်တဲ့ Laiza TV ရဲ့ ဖော်ပြချက်အရ စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ နှစ်ပတ်အတွင်း ကချင်ဒေသမှာ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှု အကြိမ်ရေ ၁၀၀ ထက်မနည်း ပြုလုပ်ခဲ့ပါတယ်။


