
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲက စာသင်ကျောင်းကို ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိကာ စာသင်ကျောင်းဆောင် ထိမှန်ပျက်စီးခဲ့သလို ပြည်သူပိုင် နွားတကောင်လည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Kawlin Revolution (KR) ရဲ့ တာဝန်ရှိသူက “ညနေ ၅ နာရီဝန်းကျင်မှာ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာက စစ်ရေးပစ်မှတ်မဟုတ်တဲ့ ကောလင်းနယ် အနောက်ခြမ်းက နတ်အင်းရွာ စာသင်ကျောင်းနားကို ပေါင် ၅၀၀ ဗုံး ကြဲချသွားတာပါ” လို့ ပြောပါတယ်။
ဗုံးကြဲခံရလို့ စာသင်ကျောင်းဆောင် ပျက်စီးသွားသလို စာသင်ကျောင်းအနီးမှာ နေထိုင်ကြတဲ့ ဦးမြင့်ဝင်း၊ ဦးကျော်ပိုင်ဦး၊ ဦးစိုးသူအောင်၊ ဦးအောင်မျိုးသူ၊ ဒေါ်အေးနဲ့ ဒေါ်နှင်းမိုးအေး တို့လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပြီး နွားတကောင်လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ကောလင်းခရိုင် ပကဖ တာဝန်ရှိသူတယောက်က “အဲဒီရွာမှာလည်း တိုက်ပွဲဖြစ်နေတာ မရှိဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း အခြေချနေတာ မရှိပါဘူးဗျာ။ မြေပြင်မှာ သူတို့ဘက်က စစ်ကြောင်းထိုးနေတာလည်း မရှိတဲ့အပြင် တိုက်ပွဲဖြစ်နေတာလည်း မဟုတ်ပါဘဲနဲ့ ကလေးသူငယ်တွေရဲ့ စာသင်ကျောင်းတွေနဲ့ ပြည်သူကို ပစ်မှတ်ထားပြီး တမင်သက်သက်ကို ဗုံးလာကြဲသွားတဲ့သဘောပါ” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၂၁ ရက် ညနေ ၃ နာရီဝန်းကျင်ကလည်း စစ်ကောင်စီတပ်က ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ မုတ်ဝကျေးရွာ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ်မှာလည်း ဗုံးခိုကျင်းထဲမှာ ဝင်ရောက်ပုန်းခိုနေတဲ့ အသက် ၃၅ နှစ်အရွယ် ကလေးမိခင် အမျိုးသမီးတယောက်ဟာ ရုတ်တရက် နှလုံးခုန်ရပ်တန့် သေဆုံးခဲ့ပြီး ရွာခံပြည်သူ ၂ ယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသလို စာသင်ကျောင်းဆောင်နဲ့ ဝန်ထမ်းအိမ်ရာတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းကာ ဒီဇင်ဘာ ၁၉ ရက်ကစလို့ ကောလင်းမြို့နယ်ထဲမှာရှိကြတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ သစ်ဖုလတောင် စစ်ကောင်စီတပ်စခန်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သိမ်းပိုက်ရရှိထားသလို တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံ ဆေးခန်းတွေနဲ့ ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ကာ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်အန္တရာယ်ကို အထူးသတိထား သွားလာနေထိုင်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားကြပါတယ်။


