စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတွေကို ဒီဇင်ဘာ ၁၆ ရက်ကနေ ၁၉ ရက်အထိ စစ်တပ်စစ်ကြောင်းက မီးရှို့လို့ လူနေအိမ် ၂၃၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကူညီဆောင်ရွက်ပေးနေသူတယောက်က “အခုလ ၁၆ ရက်ကနေ ၁၉ ရက်အထိ ၄ ရက်တာအတွင်းမှာ ယင်းမာပင်မြို့နယ် အရှေ့ဘက်ခြမ်းမှာ ကျေးရွာ ၇ ရွာကို စစ်တပ်စစ်ကြောင်းက မီးရှို့လို့ မီးလောင်ပျက်စီးခဲ့ရတဲ့ အိမ်ခြေပေါင်း ၂၂၉ လုံး ရှိပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းက မီးရှို့လို့ ကျောက်မှော်ကျေးရွာက လူနေအိမ် ၂၇ လုံး၊ ကျောက်ကုန်းကျေးရွာက လူနေအိမ် ၆၅ လုံး၊ နှောပင်ကျေးရွာက လူနေအိမ် ၃၆ လုံး၊ ကျွန်းပေါ်ကျေးရွာက လူနေအိမ် ၃၄ လုံး၊ အင်းဘက်ကျေးရွာက လူနေအိမ် ၄၉ လုံး၊ ကြက်လျှာကျေးရွာက လူနေအိမ် ၁၆ လုံးနဲ့ ပတိန်ပြင်ကျေးရွာက ၂ လုံးတို့ ဖြစ်ကြတယ်လို့ သူက ဆက်ပြောပါတယ်။
အဆိုပါကျေးရွာတွေက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားခဲ့ကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတွေ ဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။
ယင်းမာပင်ခရိုင် တပ်ရင်း ၁၇ (B21 Kani PDF) ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “၁၆ ရက်နေ့ကစလို့ ဗိုလ်မှူးဇေယျာဝင်း ဦးဆောင်ပြီး အင်အား ၂၀၀ ကျော်နဲ့ ၂ ဖွဲ့ခွဲပြီး ယင်းမာပင်အရှေ့ခြမ်းက ရွာတွေထဲဝင် ပြည်သူပိုင်ပစ္စည်းတွေကို ခိုးသယ်နေကြပြီးတော့ ပြည်သူပိုင်အိမ်တွေကိုပါ မီးရှို့နေကြတာကို ပြီးခဲ့တဲ့ ၁၇ ရက်နေ့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ထိတွေ့တိုက်ပွဲ ၂ နာရီလောက် ဖြစ်ခဲ့တယ်။ တိုက်ပွဲထဲမှာ သူတို့ဘက်က အနည်းဆုံးတော့ ၁၀ ယောက်ထက်မနည်း သေပြီး ဒဏ်ရာရတဲ့သူတွေလည်း များပြီး အထိနာတာကို တိုက်ပွဲနဲ့နီးတဲ့ရွာထဲမှာ စခန်းချပြီး ၁၉ ရက် ရောက်မှ သူတို့အထိုင်စခန်းရှိတဲ့ အောင်ဇေယျကုန်းဘက်ကနေ မုံရွာ နမခ ထဲကို ပြန်ဆုတ်သွားကြတယ်။ ပြန်ဆုတ်သွားတော့လည်း သူတို့ ခိုနားခဲ့တဲ့ရွာတွေက လူနေအိမ်တွေကို ထပ်ပြီးမီးရှို့သွားကြသေးတာ” လို့ DVB ကို ပြောပါတယ်။
ဒီဇင်ဘာ ၁၇ ရက်က အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ ယင်းမာပင်ခရိုင် ပကဖ စစ်ရေးတာဝန်ခံနဲ့အတူ ကနီ၊ ဆားလင်းကြီး၊ ယင်းမာပင်မြို့နယ်တွေက PDF တွေနဲ့ ပကဖ စစ်ကြောင်းတွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ခရိုင်/မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေကလည်း ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြသလို တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၂ ယောက်လည်း ကျဆုံးခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရတဲ့ မီးဘေးသင့်ပြည်သူတွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေ အတွက် ယာယီနေထိုင်စရာ အဆောက်အအုံတွေအပြင် စားနပ်ရိက္ခာ၊ ဆေးဝါး၊ စောင်နဲ့ အဝတ်အထည်တွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။







