
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ရွာသစ်ကုန်းရွာကို ဒီဇင်ဘာ ၂၂ ရက် နေ့ခင်းပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ အရပ်သားတယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၃ လုံးလည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသခံ ရွာသားတယောက်က “ကြဲချတာက ဗုံးသီးတလုံးပဲ အသံကြားလိုက်ရတာ။ ကျနော်တို့ မြိုင်နယ်ကတော့ နေ့တိုင်းလိုလို လေကြောင်းကနေ ဗုံးကြဲချခံနေရတာ။ အခုကြဲတာ ဂျက်ဖိုက်တာလေယာဉ် ဖြစ်မယ်။ မြေပြင်မှာ ဘာတိုက်ပွဲမှ မရှိဘူးနော်။ စစ်တပ်က ဂျိုင်ရိုကော်ပတာတွေရော၊ စက်တပ်လေထီးတွေနဲ့ရော ပြည်သူတွေနေတဲ့ရွာတွေပေါ်ကို ဗုံးသီးတွေ ကြဲချနေတာ။ နေ့တိုင်းလိုလို လေကြောင်းကနေ တိုက်ခိုက်တော့ စိတ်ပျက်လာမိတယ်” လို့ ပြောပါတယ်။
ရွာသစ်ကုန်းရွာဟာ မြိုင်မြို့နဲ့ ၁၇ မိုင်ကွာဝေးတဲ့ ကျေးရွာဖြစ်ပြီး စစ်တပ်ရဲ့ နောက်ထပ် လေကြောင်းကနေ တိုက်ခိုက်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပြီး ကျေးရွာအတွင်းကနေ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရတယ်လို့လည်း သိရပါတယ်။
မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တယောက်က “စစ်တပ်က ရွာသစ်ကုန်းရွာကို လေကြောင်းတိုက်ခိုက်လို့ ပြည်သူတဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်။ လူနေအိမ် ၃ လုံး ပျက်စီးတယ်။ ဒဏ်ရာရတဲ့ ပြည်သူကိုတော့ ကျနော်တို့ ဆေးကုသပေးနေပါတယ်” လို့ ပြောပါတယ်။
မြိုင်မြို့နယ် ဘုန်းကြီးကန်ရွာကိုလည်း စစ်တပ်က ဒီဇင်ဘာ ၂၁ ရက် နေ့ခင်းပိုင်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့ကာ နွား ၂ ကောင်လည်း သေဆုံးပြီး လူနေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


