
မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်း၊ ပွင့်ဖြူနဲ့ စလင်းမြို့နယ်တွေဘက်မှာ ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက် မနက်ကစပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေးအခြေအနေ သိရှိသူက DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မနေ့ညပိုင်းကတည်းက ကျေးရွာတွေဘက်ကို Y-12 လေယာဉ်တွေနဲ့ တိုက်ခိုက်နေတာဖြစ်ပြီး ဆင်ဖြူကျွန်းမြို့နယ်၊ နွယ်တမယ်တံတားအနီးမှာ ဒီကနေ့မနက် အစောပိုင်း ၅ နာရီလောက်ကစပြီး တိုက်ပွဲပြင်းထန်နေတာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီဘက်က Y-12၊ MI-35၊ ဂျက်ဖိုက်တာတွေ အသုံးပြု တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
လက်ရှိ စစ်ဆင်ရေးဟာ မကွေးတိုင်းစစ်ဌာနကွပ်ကဲမှုနဲ့ ပြုလုပ်တာဖြစ်ပြီး PDF အနေနဲ့ ပထမဆုံးလုပ်တဲ့ စစ်ဆင်ရေးဖြစ်တယ်လို့လည်း မြေပြင်စစ်ရေးသတင်းရင်းမြစ်က DVB ကို ပြောပါတယ်။
“ရန်သူ့စစ်ကြောင်းကတော့ အမြဲထိုးတယ်။ ဒါက PDF အနေနဲ့ ပထမဆုံးလုပ်တဲ့ စစ်ဆင်ရေး ဖြစ်ပါတယ်။ အရင်ကတော့ ရန်သူ့စစ်ကြောင်းကို ကာတဲ့အနေနဲ့ ကြားဖြတ်တိုက်တာပဲ ရှိတယ်။”
တိုက်ပွဲနဲ့ စစ်တပ်လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ ပြောင်းရွှေ့ တိမ်းရှောင်ကြပြီး ထိခိုက်မှုတွေကို အသေးစိတ် မသိရသေးဘူးလို့လည်း ဆိုပါတယ်။
မကွေးတိုင်းထဲက စလင်းနဲ့ ဆိပ်ဖြူ နယ်မြေတွေဟာ စစ်အုပ်စုရဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ) နယ်မြေတွေပဲ ဖြစ်ပါတယ်။


