
မန္တလေး လူထုသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်ကို စစ်တပ်က ဖမ်းဆီးထားပြီးနောက် နောက်ဆက်တွဲ အခြေအနေကို မသိရတဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေ ဝိုင်းဝန်းကူညီပေးဖို့ ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ဒီဇင်ဘာ ၂၂ ရက်က ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ကိုထက်မြတ်အောင်ဟာ ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းမှာ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး ဖမ်းဆီးချိန်မှာလည်း အကြမ်းဖက် ရိုက်နှက်ခံရတယ်လို့ ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရမှုနဲ့ပတ်သက်လို့ လက်ရှိအချိန်ထိ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာ မရှိသေးတာကြောင့် အသက်အန္တရာယ်အခြေအနေကို စိုးရိမ်နေကြပြီး နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေးအတွက် နိုင်ငံတကာက ဖိအားပေး အရေးယူပေးဖို့ ကျောင်းသား သမဂ္ဂက တောင်းဆိုပါတယ်။
အသက် ၂၄ နှစ်အရွယ် ကိုထက်မြတ်အောင်ဟာ ကျန်းမာရေး အထူးကောင်းမွန်ပြီး စစ်အုပ်စုက ဖမ်းဆီးတုန်းမှာ ပြင်းပြင်းထန်ထန် အကြမ်းဖက် ရိုက်နှက်ထိုးကြိတ်ခံခဲ့ရတဲ့အပြင် အခုတော့ သူ့ရဲ့ အသက်အန္တရာယ်အတွက်ပါ အလွန်အမင်းစိုးရိမ်ပူပန်ရတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတာပါ။
ကိုထက်မြတ်အောင်ဟာ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တယောက် ဖြစ်သလို အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-MDY) နဲ့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) တို့ရဲ့ အဖွဲ့ဝင်တယောက်လည်း ဖြစ်ပါတယ်။
သူဟာ ဒီဇင်ဘာ ၃ ရက်က မန္တလေးမှာ ဒေါက်တာတေဇာဆန်းတို့နဲ့အတူ မန္တလေးမြို့မှာ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး သူတို့ ၁၀ ယောက်ကို စစ်ကောင်စီက အမှုဖွင့်ထားပါတယ်။


