
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ကို အပြည့်အဝထိန်းချုပ်ဖို့ လုပ်ဆောင်နေတဲ့ စစ်တပ်ရဲ့ စစ်ကြောင်းတွေ ရှေ့မတိုးနိုင်ဘဲ အထိနာနေတာကြောင့် မိုးပျံပူဖောင်းနဲ့ ကင်းထောက်ပြီး ဒရုန်း၊ လက်နက်ကြီးပစ်ကူနဲ့ နယ်မြေစိုးမိုးဖို့ ကြိုးစားနေတယ်လို့ အမှတ် ၃၁ ဗျူဟာ လက်အောက်ခံ စစ်ကြောင်းတာဝန်ရှိသူက ပြောပါတယ်။
ဒီဇင်ဘာ ၁၉ ရက်က ကော့ကရိတ်မြို့နယ်၊ မိဖာလဲကျေးရွာဘက်ကနေ စစ်တပ်က စစ်ကြောင်း ၅ ကြောင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် အမှတ် ၃၁ ဗျူဟာ လက်အောက်ခံ ဗိုလ်ကျော်ဟိန်းစစ်ကြောင်းနဲ့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ဘက်က ထိခိုက်ကျဆုံးသူများပြီး အထိနာကာ ပြန်လည်ဆုတ်ခွာသွားကာ တိုက်ပွဲအတွင်း လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိခဲ့ပါတယ်။
စစ်တပ်ဘက်က အထိနာပြီးနောက် မိုးပျံပူဖောင်းနဲ့ ဒရုန်းတွေ၊ ကာမီကာဇေဒရုန်းတွေကို ပိုမို အသုံးပြုလာတယ်လို့ အမှတ် ၃၁ ဗျူဟာ လက်အောက်ခံ စစ်ကြောင်းတာဝန်ရှိသူ တပ်ရင်းမှူး ဗိုလ်ကျော်ဟိန်းက ပြောပါတယ်။
“ရန်သူဘက်က တော်တော်နာတယ်။ နေစဉ်နဲ့ အမျှလို ပွဲတော်တော်များများ ဖြစ်နေတယ်။ ရန်သူဘက်က အထိနာပြီး တပ်ပြန်ဆုတ်တာလည်း ပါသလို ဒီကောင်တွေ မိုးပျံပူဖောင်းတွေ သုံးတာရှိတယ်။ ကျနော်တို့ လွန်ခဲ့တဲ့ ၁ ရက် ၂ ရက်ကဆိုရင် သူတို့ ကင်းထောက်တယ်။ သူတို့က အပေါ်ကနေကြည့်ပြီးတော့ အောက်ကနေ စစ်ကြောင်းတက်တာတွေ ရှိတယ်။ နောက်ပြီးတော့ တည်နေရာတွေ လိုက်ထောက်ပြီးတော့ သူတို့ဘက်ကနေ ဒရုန်းက မရေတွက်နိုင်ဘူး။ တနေရာမှာ ၄ ၊ ၅ စီးနဲ့ ဒရုန်းတွေ ဗုံးကြဲတာတွေ ရှိတယ်။”
လက်ရှိမှာလည်း စစ်တပ်ဘက်က အထိနာတဲ့အပြင် အရှင်ဖမ်းဆီးရမိတာ၊ လက်နက်ခဲယမ်းနဲ့ အလင်းဝင်ရောက်တာတွေလည်း ရှိတယ်လို့ အမှတ် ၃၁ ဗျူဟာ လက်အောက်ခံ စစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။
ဒီဇင်ဘာ ၁၉ ရက်၊ ကရင်နှစ်သစ်ကူးနေ့က ထို့ကော်ကိုးကျေးရွာဘက်ကို မိုးပျံပူဖောင်းတွေ ကင်းထောက်ပျံသန်းပြီး ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကရင်နှစ်ကူးတုန်းက ဘောလုံးဒရုန်းတွေ လှည့်လာတယ်။ အဲဒီမှာ လာပစ်တယ်။ အသိ တပ်ရင်းမှူး (PC) ခြံထဲမှာ လာကျတယ်။ ဘောလုံးက သူတို့လာတာ အမြင့်ကြီး။ စိုးရိမ်စရာရှိတယ်။ အိမ်ကို ပြန်တောင်မှ မပြန်ရဲကြသေးဘူး။ ထမင်းတွေလည်း ငတ်ကုန်ပြီ။ ဒေသခံတွေက ဘာမှ မလုပ်စားရဘူး။ ရွာထဲမှာ တပ်စွဲထိုင်နေတယ်။ မပေးပြန်ဘူး။ သူများအိမ်ကဟာတွေလည်း အကုန်လုံး (ခိုးယူ)ရောင်းလိုက်ကုန်ပြီ။”
လက်ရှိမှာလည်း စစ်တပ်က ဝေဟင်ကင်းထောက်တာတွေ ပိုမိုလုပ်ဆောင်လာတဲ့အပြင် မိဖာလဲ၊ ထီးဖိုးစံ၊ တောနောရေတံခွန်၊ ကော့ကရိတ်အခြေစိုက် ခလရ ၉၇၊ စကခ ၁၂ ကနေ ဒရုန်း ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာတွေ နေ့တိုင်းလိုလို လုပ်ဆောင်နေပါတယ်။
ဒါကြောင့် ထီဖိုးစံ၊ နောင်ကိုင်း၊ မိဖာလဲ၊ ကောင်းမှု၊ စောဟဲ၊ လှိုင်းစိမ်း၊ နောင်ကိုင်း စတဲ့အ နီးအနားကျေးရွာက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
အောင်ခန့်


