
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်း ဆင်ရှင်ကျေးရွာနဲ့ ညောင်ပင်သာရွာကြားမှာ ဒီဇင်ဘာ ၂၃ ရက် မနက် ၁၁ နာရီခန့်မှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက် သေဆုံးခဲ့တယ်လို့ ပုလဲဒေသခံတွေဆီကနေ သိရပါတယ်။
ပုလဲမြို့နယ် ဒေသခံတယောက်က “အခု မိုင်းဆွဲခံရတဲ့နေရာနဲ့ ကျနော်တို့ရွာနဲ့က တမိုင်ကျော်လောက်တော့ ဝေးတာဗျ။ မိုင်းကွဲတဲ့အသံကတော့ ၂ လုံး အသံကြားလိုက်ရတယ်။ စစ်တပ်ဘက်က သေဆုံး ထိခိုက် ရှိတယ်လို့တော့ သိရပါတယ်” လို့ ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ မင်းတိုင်ပင်၊ အိုဖိုရွာ၊ ဆင်ရှင်၊ ညောင်ပင်သာဘက်ကို စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။
ပုလဲမြို့နယ် စစ်ရေးသတင်းရင်းမြစ်တယောက်က “စစ်ကြောင်းက အခု ဆင်ရှင်ရွာဘက် စစ်ကြောင်းပြန်ဆုတ်သွားတယ်။ မိုင်းဆွဲလို့ သေဆုံးတာ ၂ ဦး ရှိပြီး အထိခိုက်တွေလည်း များတယ်။ အခု မင်းတိုင်ပင်ဘက်ကနေ စစ်အင်အား ထပ်ဖြည့်နေတယ်လို့ သတင်းရထားတယ်” လို့ ပြောပါတယ်။
ပုလဲမြို့နယ်အတွင်း စစ်တပ်က မင်းတိုင်ပင်၊ ကန့်ဒေါင့်၊ ပုလဲ၊ ဇီးဖြူကုန်း၊ အင်မထီးမှာ အထိုင်ချ တပ်စွဲ စိုးမိုးထားပြီး ကျန်နယ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက စိုးမိုး ထိန်းချုပ်ထားပါတယ်။


