
ဒီဇင်ဘာ ၁ ရက်ကနေ ၂၅ ရက်အထိ စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်ကြောင့် လူပေါင်း ၈၇ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီဇင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
သေဆုံးသူ ၄၅ ယောက်ထဲက ၄၃ ယောက်ဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးတာ ဖြစ်ပါတယ်။
နောက်ထပ် သေဆုံးအရပ်သား ၄၂ ယောက်ရဲ့ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငါးပန်ချောင်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဒီဇင်ဘာ ၂၃ ရက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေါ်သန်းမြ၊ ဒေါ်ကျင်နဲ့ ကိုမင်းသန့်တို့ ၃ ယောက် ဗုံးစထိမှန်ကာ မမာသွယ်၊ ဒေါ်ခင်တင့်နဲ့ ကလေး ၂ ယောက်တို့က ဗုံးခိုကျင်းအတွင်း ပုန်းအောင်းနေစဉ် ဗုံးခိုကျင်းနား ဗုံးစကျခဲ့တဲ့အတွက် စုစုပေါင်း ၇ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းစကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်အထိ နိုင်ငံတဝန်း စစ်ကောင်စီ လက်ချက်ကြောင့် ပြည်သူ ၇,၆၃၂ ယောက် သေဆုံးခဲ့တယ်လို့ AAPP က ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။


