
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲနဲ့ သီပေါမြို့နယ်တို့မှာ စစ်ကောင်စီက ရွေးကောက်ပွဲ တတိယပိုင်းကို လာမဲ့ ဇန်နဝါရီ ၂၅ ရက်နေ့လုပ်ဖို့ ပြင်ဆင်နေပါတယ်။
ဒါပေမဲ့ မြို့ပေါ်ရပ်ကွက်နဲ့ အနီးအနား ကျေးရွာအုပ်စုတွေမှာပဲ ရွေးကောက်ပွဲလုပ်နိုင်မဲ့ အနေအထားရှိပြီး မြို့နယ် ၂ ခုပေါင်းမှာ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုပေါင်း ၁၂၆ ခု ရှိနေပါတယ်။
ကျောက်မဲမြို့နယ်မှာဆိုရင် ရွေးကောက်ပွဲမလုပ်နိုင်တဲ့ နယ်မြေစာရင်းထဲ TNLA ဆက်လက်ထိန်းချုပ်ထားတဲ့ မိုင်းငေါ့မြို့နဲ့ မိုင်းလုံမြို့ပေါ်က ရပ်ကွက် ၁၁ ခုလည်း ပါဝင်နေပါတယ်။
စစ်ဘေးဒဏ်ကို ၂ ခါပြန်ခံထားရတဲ့ ဒီမြို့ခံ ပြည်သူတွေအတွက်တော့ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီ အသာရနေတဲ့ ရွေးကောက်ပွဲဟာ အဓိပ္ပာယ် ကင်းမဲ့နေပါတယ်။
စစ်ဘေးဒဏ်ကို ခံစားခဲ့ရတဲ့အတွက် ဒီရွေးကောက်ပွဲဟာ ဘာအပြောင်းအလဲမှာရှိမှာ မဟုတ်ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
ကျောက်မဲဒေသခံတယောက်က "အခုချိန်မှာ အမှောင်ထဲနေပြီး လမ်းလျှောက်နေရတယ်ပေါ့နော်။ အမှောင်ထုထဲမှာ စမ်းတဝါးဝါး လမ်းလျှောက်နေရသူတယောက်ကတော့ ဘယ်လိုမျိုး ဆက်ပြောရမလဲ မသိပါဘူးဗျာ။ အရှေ့မှာလည်း မမြင် အနောက်မှာလည်း ချောက်ဆိုတော့ ဘာတွေ ဖြစ်လာမလဲဆိုတာက ဒါကတော့ ကြိုတင်ခန့်မှန်းလို့မရတဲ့ အနေအထားပါ။ အဲ့ဒါကြောင့်မို့လေ ရှေ့ဆက်ဖြစ်လာမဲ့ အတိုင်းအတာတခုကတော့ ဒါက အာဏာရှင်အပေါ်ရဲ့ လက်ထဲမှာပဲ ရှိတယ်လို့ ကျနော်တို့ မြင်တယ်" လို့ ပြောပါတယ်။
ကျောက်မဲနဲ့ သီပေါမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီ၊ ရှမ်းနဲ့တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။
ကျောက်မဲဒေသခံတယောက်က “အခုကတော့ ကြံ့ခိုင်ရေးနဲ့ ကျားဖြူပါတီ ၂ ပါတီပဲပေါ့နော်၊ ၂ ပါတီပဲ အားပြိုင်တယ်ပေါ့နော်၊ ဒါပေမဲ့လည်း ဒီနယ်မြေတွေက တချို့ နယ်မြေတွေက မရွေးရတဲ့ နယ်မြေတွေပါတယ်ပေါ့နော်။ ရွာတွေ အများစုကတော့ မရွေးရတဲ့ နယ်မြေထဲမှာပါတော့ ဒီအပိုင်းက နည်းနည်းလေး ကျားဖြူအတွက်တော့ အားနည်းမယ်ပေါ့နော်။ သူက မြို့ပေါ်မှာအနေနဲ့ ယှဉ်မယ်ဆိုရင်တော့ သူက ကြံ့ခိုင်ရေးကိုတော့ မယှဉ်နိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဝန်ထမ်းတွေများတော့၊ ဝန်ထမ်းတွေ၊ တပ်တွေ အဲမှာများတော့၊ ဒီရွာဘက်လည်း မပါတော့ အားနည်းတဲ့ အပိုင်းမှာ ရှိတာပေါ့”လို့ ပြောပါတယ်။
သီပေါမှာဆိုရင်လည်း မြို့ပေါ်ဧရိယာတွေမှာ ကြံ့ခိုင်ရေးက အသာစီးရမှာဖြစ်ပေမဲ့ ရွေးကောက်ပွဲ လုပ်မဲ့ ကျေးရွာတွေမှာတော့ ရှမ်းပါတီ အားကောင်းတယ်လို့ ဒေသခံတယောက်က ဆိုပါတယ်။
“ဒီအချိန်မှာကတော့ အများစုကတော့ ရွာကလူတွေကတော့ ရှမ်းပြည်ဆိုတော့ ရှမ်းပါတီပဲ အများစု အနိုင်ရမယ်လို့တော့ မျှော်လင့်ကြတာပေါ့။ ကျနော်အနေနဲ့ကတော့ ဘာတခုမှ မျှော်လင့်လို့ မရဘူးပေါ့။ ဘယ်သူပဲ နိုင်နိုင်၊ ဒီပုံစံက ဒီပုံစံပဲသွားမှာ၊ ဘာမှ ထူးထူးခြားခြား ခံစားရတာမျိုး မရှိလောက်ဘူး ထင်တာပဲ။ နိုင်ငံရေးအကြောင်း ဘာမှသိပ်နားမလည်တဲ့သူ ရွာက လူတွေကတော့ ရှမ်းဆို ရှမ်းပါတီထည့်မယ်၊ ပလောင်ဆို ပလောင် ပါတီထည့်မယ်” လို့ ပြောပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နဲ့ သီပေါမြို့ကို စစ်ကောင်စီက ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။
စစ်တပ်က ကျောက်မဲနဲ့ သီပေါကို ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သလို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် သေကျေထိခိုက်တာတွေရှိခဲ့ပြီး အရပ်သားနေအိမ် အများအပြားလည်း ပျက်စီးခဲ့ရတာပါ။
ကျောက်မဲမှာဆိုရင် ပြည်သူတွေအများအပြားဟာ ၁ နှစ်ကျော် စစ်ဘေးရှောင်ခဲ့ရသလို ကုန်သွယ်စီးဆင်းတာတွေ ပြတ်တောက်သွားခဲ့ရတဲ့အတွက် ဒေသခံအများစုဟာ အခက်အခဲအများကြီး ရင်ဆိုင်နေကြရပါတယ်။
မြတ်သဇင်


