
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ အရှေ့တောဒေသရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ လယ်ဒိုစိုးမြို့နယ်ရုံးကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးတယောက် သေဆုံးပြီး အမျိုးသမီးတွေဒဏ်ရာရသွားတယ်လို့ ဒေသခံတွေနဲ့ KNU ဆီက သိရပါတယ်။
ဇန်နဝါရီ ၁၀ ရက် ၁ နာရီ ၄၀ မိနစ်လောက်မှာ စစ်ကောင်စီတပ်က KNU ရဲ့ လယ်ဒိုစိုးမြို့နယ်ရုံးကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးသီး ၂ လုံးချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက “အမျိုးသားတဦးနဲ့ အမျိုးသမီး ၈ ဦး ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ အမျိုးသမီးတွေထဲမှာ ၃ နှစ်အရွယ် ကလေးတဦး ပါတယ်။ အသက် ၂ နှစ်အရွယ် ကလေးတဦး ဆုံးတယ်” လို့ ဆိုပါတယ်။
အခုဗုံးကြဲခံရတဲ့နေရာဟာ လက်နက်ကိုင်တပ်ဖွဲ့တွေမရှိဘဲ ပြည်သူလူထုအများစု ရှိနေတဲ့နေရာ ဖြစ်တယ်လို့ ပဒိုစောအယ်နားက DVB ကို ပြောပါတယ်။
လယ်ဒိုစိုးမြို့နယ်ဆိုတာ KNU က ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့နယ်ရှိ ကျေးရွာတချို့ကို မြို့နယ်အဖြစ် သတ်မှတ်ထားတာလို့ သိရပါတယ်။


