Home
မြန်မာသတင်း
ကရင်အမျိုးသားတပ်မတော် (KNA) တပ်စခန်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်
DVB
·
January 13, 2026

ဘားအံမြို့နယ်ထဲက ကရင်အမျိုးသားတပ်မတော် (KNA) တပ်စခန်းကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ ယောက်သေဆုံးပြီး ၁ ယောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် ကျေးရွာ ၄ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဇန်နဝါရီလ ၃ ရက်နေ့ကစပြီး လှိုင်းဘွဲ့မြို့နယ်မှာ ရွေးကောက်ပွဲအကြောင်းပြပြီး စစ်ကောင်စီတပ်တွေကို အင်အားဖြည့်တင်းခဲ့တာကြောင့် BGF အသွင်းပြောင်း ကရင်အမျိုးသားတပ်မတော် (KNA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ရေးတင်းမာခဲ့ပါတယ်။ 

ဒါ့အပြင် လှိုင်းဘွဲမြို့နယ်နဲ့ ဘားအံမြို့နယ်အစပ်က သိုက်တောကျေးရွာ သံလွင်မြစ်ကမ်းဘေးက  KNA ရဲ့ တပ်စခန်းကို လေကြောင်းအပြင် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒေသခံတယောက်က “စက်လှေဂိတ်နေရာကို ကြဲတာမှန်တယ်။ ပြီးခဲ့တဲ့ ၁ ပတ် ၁၀ ရက်လောက်က တပ်တွေတက်လာတော့ BGF (KNA) က  သူဝန်းထဲ ပေးမဝင်ဘူး၊ အဲလိုမျိုး။ ကုန်ပစ္စည်းတွေ ကူးနေတာကို။ မှောင်ခိုပစ္စည်းတွေလေ။  ဖမ်းချင်ရင် အပြင်မှာဖမ်းပေါ့။ ပေးမဝင်တော့ ပဋိပက္ခတွေလည်း ရှိမှာပေါ့။ တစီးကြဲပြီးတော့ လူနာတွေ ကောက်မယ့်အချိန် နောက်တစီးက ထပ်ကြဲတယ်။ စက်လှေသမားပဲသေတာ။ ကုန်ပစ္စည်းကဲ့တဲ့လူပေါ့။ တယောက်သေတယ်၊ တယောက် ခြေထောက်ပြတ်တယ်။ အလောင်းတောင် ပေးမကောက်သေးဘူးလို့ ပြောတယ်။ ဘားအံက လာတက်စစ်တယ်။ ဒေသခံတွေက ပြေးကုန်ပြီ အကုန်လုံး။ အဲဘက်ကမ်းကော ဒီဘက် ဝတ်ကြီးဘက်ကမ်းကော” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ကရင်အမျိုးသားတပ်မတော် (KNA) တပ်ဖွဲ့ဝင်တွေ ထိခိုက် ဒဏ်ရာရရှိတာနဲ့ပတ်သက်ပြီး ဒေသခံတွေဆီက အတည်ပြုလို့ မရတဲ့အတွက် တာဝန်ရှိသူတွေကို DVB က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အခုသတင်းထုတ်လွှင့်ချိန်ထိ ပြန်လည်ဖြေဆိုတာမရှိပါဘူး။ 

စစ်ကောင်စီက မြေပြင် စစ်ကြောင်းထိုးဝင်ရောက်တာ၊ လေကြောင်းအပြင် ဒရုန်းဗုံးကြဲတိုက်ခဲ့တာ ကြောင့် လှိုင်းဘွဲမြို့နယ်နဲ့ ဘားအံမြို့နယ်အစပ်က  သိုက်တော၊ ဥဒေါင်း၊ နန်းသာအုံးနဲ့ သံလွင်မြစ် တဖက်ကမ်း ဝတ်ကြီးကျေးရွာက ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ကရင်စစ်ရေးလေ့လာသူတယောက်က “သူတို့(စကမ)က လုပ်မှာ။ ဘာလိုလဲဆိုရင် သူတို့ရဲ့ organization ရဲ့ Power ဘယ်လောက်ရှိလဲဆိုတာကို သူတို့က ပြမယ်။ BGF ဖြစ်စေ၊ KNA ဖြစ်စေ၊ KNU ဖြစ်စေ ငါတို့ပြောစကားကို နားမထောင်ရင် ငါတို့ ခိုင်းတဲ့အတိုင်းမလုပ်ရင်  မင်းတို့ကို ဘယ်လို ပြန်လုပ်နိုင်သလဲဆိုတာ သူတို့ရဲ့ Power ကိုချပြတာပဲ။ အဲတော့ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်တွေ သတိထားရမှာက စကမ ရဲ့ သူရဲ့ လုပ်ဆောင်ချက်တွေကို ကျနော်တို့က မပံ့ပိုးဘူး၊ မကူညီဘူး၊ မပူးပေါင်းဘူးဆိုရင်တော့ သူဘာတွေလုပ်နိုင်သလဲ၊ သူဘာတွေ လုပ်တတ်သလဲ၊ သူရဲ့ အမူအကျင့်တွေ ဘာတွေ ရှိနေလဲဆိုတာတော့ ဒါလက်ရှိ ကျနော်တို့ ကရင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက အားလုံး ဆက်လက်ပြီးတော့ မြင်ရမယ်၊ ဆက်လက်ပြီးတော့လည်း သူတို့ဘက်ကနေ အရှိန်မြှင့်ပြီးတော့မှ လုပ်ဆောင်သွားရလိမ့်မယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့ သိုက်တောကျေးရွာ ရဲစခန်းဟောင်းနေရာမှာ ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) က အခြေချတပ်စွဲထားပါတယ်။ လက်ရှိမှာလည်း ဘားအံ- ထီလုံ- ထို့ကော်ကိုးလမ်းတလျှောက်ကို စစ်တပ်က စစ်အင်းအားဖြည့်တင်းပြီး  လက်နက်ကိုင်ဂိတ်နေရာတွေမှာ  အစားထိုးတပ်စွဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အောင်ခန့် 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013