
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် တနေရာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲသလို လက်နက်ကြီးနဲ့လည်း ပစ်ခတ်တာကြောင့် ဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဖြစ်စဉ်သိသူက ပြောပါတယ်။
ဇန်နဝါရီ ၁၄ ရက် မနက် ၁၁ နာရီကျော်မှာ စစ်တပ်က လေကြောင်းကနေ ဒရုန်းနဲ့ ဗုံး ၃ ကြိမ် ကြဲချ တိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီကျော်မှာ လွိုင်ကော်တပ်ကနေ လက်နက်ကြီး ၄ လုံးကို ၅ မိနစ်ခြား တခါ ပစ်ခတ်လို့ ဘုရားကျောင်းက မှန်နဲ့ အဆောက်အအုံ ထိခိုက်မိပြီး ထင်းခွေသွားတဲ့ စစ်ရှောင်တွေလည်း ပြန်လာခဲ့ရတယ်လို့ သိရပါတယ်။
ဖြစ်စဉ်သိသူတယောက်က “ဒီနေ့က ကယားဒေးဖြစ်တဲ့အတွက် ကယားဒေးအကြို လူနေအိမ်တွေကို ရမ်းသန်းပြီး ထုတယ်လို့ သုံးသပ်လို့ရတယ်။ စစ်ရှောင်တချို့ကလည်း ထင်းခွေတာတို့ ငါးရှာ ဖားရှာ လုပ်ကြတယ်လေ၊ ထွက်ပြေးကြတယ်” လို့ ပြောပါတယ်။
မနက်ပိုင်းမှာ စစ်တပ် ကင်းထောက်လေယာဉ်ဝဲပြီး ဒရုန်းနဲ့ ဗုံးကြဲပြီးတဲ့နောက် လက်နက်ကြီးနဲ့လည်း ပစ်ခတ်တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ထိတ်လန့်နေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ်ထဲကို စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေး အင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ရေးအခြေအနေတွေ တင်းမာနေတာပဲ ဖြစ်ပါတယ်။
လွိုင်ကော်မြို့မှာလည်း စစ်တပ်အသိုက်အဝန်းထဲက အရာရှိတွေနဲ့ စစ်တပ်ထောက်ခံတဲ့ အနုပညာရှင်တချို့ ကယားဒေးအတွက် ရောက်နေကြတယ်လို့ သိရပါတယ်။


