
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ထဲ ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းက တော်လှန်ရေးရဲဘော် ၅ ယောက်နဲ့ ရွာခံပြည်သူ ၂၇ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလဆန်းကနေ ညောင်ဦးအခြေစိုက် ခမရ ၄၁၅ တပ်ကထွက်တဲ့ စစ်ကြောင်းက ညောင်ဦးနယ်ထဲ စစ်ကြောင်းထိုးပြီး ဇီးစမျှင်ရွာနဲ့ ကျောက်ပြင်ကန်ရွာက လူနေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။
ဇန်နဝါရီ ၉ ရက်နေ့မှာ ကျအိုရွာက လူနေအိမ် အလုံး ၄၀ ကို ထပ်မံမီးရှို့ပြီးတဲ့နောက် ရွာခံပြည်သူ ၄၂ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။
ညနေပိုင်းမှာတော့ ပုဂံဗိုလ်ချိုအဖွဲ့က တော်လှန်ရေးရဲဘော် ၅ ယောက်ကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းက ဇန်နဝါရီ ၁၁ ရက်မှာ ညောင်ဦး ၄၁၅ တပ်ထဲ ပြန်ဝင်သွားတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးခံရတဲ့ ပြည်သူတွေထဲက အမျိုးသမီးနဲ့ သက်ကြီးရွယ်အို ၁၅ ယောက်ကို ပြန်လွှတ်ပေးလိုက်ပြီး အမျိုးသား ၂၇ ယောက်ကို ဆက်လက်ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ဖမ်းမိခဲ့တဲ့ တော်လှန်ရေးရဲဘော် ၅ ယောက်ကိုတော့ ညောင်ဦးမြို့နယ် စရဖရုံးထဲမှာ စစ်ဆေးရေးတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညောင်ဦးနယ်ခံတယောက်က “တမြန်မနေ့ကတော့ အမျိုးသမီးတွေနဲ့ သက်ကြီးပိုင်းတွေကို ပြန်လွှတ်ပေးလိုက်တယ်။ ကျန်တဲ့ ပြည်သူတွေက ၄၁၅ ထဲမှာ ရှိသေးတယ်၊ ၂၀ ကျော်လောက် ကျန်သေးတာပေါ့။ ရဲဘော်တွေကိုတော့ ညောင်ဦးစရဖရုံးထဲမှာ စစ်ကြောရေးလုပ်နေတယ်လို့ ပြန်လွတ်လာတဲ့သူတွေက ပြောတယ်” လို့ ပြောပါတယ်။
အဲဒီစစ်ကြောင်းက မီးရှို့ခဲ့တဲ့ ဇီးစမျှင်၊ ကျောက်ပြင်ကန်နဲ့ ကျအိုရွာတွေက ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေကြရပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။


