စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် တိုက်နယ်ဆေးရုံနဲ့ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၆ ရက် မနက် ၁၁ နာရီကျော်လောက်မှာ လေယာဥ်နဲ့ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၅ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက “ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ ညောင်ကန်ရွာက တိုက်နယ်ဆေးရုံနဲ့ စာသင်ကျောင်းတွေကို ၁၁ နာရီကျော်လောက်မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၂၀၀ ဗုံး ၂ လုံးစီကြဲပြီးတော့ စက်သေနတ်တွေနဲ့လည်း ပစ်ခတ်ခံလိုက်ရတာပါ။ အဲဒီ ဂျက်ဖိုက်တာက တံတားဦးလေတပ်က တက်လာတာလို့ သိရတယ်ဗျ” လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်ကန်ကျေးရွာက တိုက်နယ်ဆေးရုံ၊ စာသင်ကျောင်းဆောင်တွေနဲ့ လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးကုန်တယ်လို့ ဆိုပါတယ်။
ဝက်လက်မြို့နယ် လူသားစာနာတာဝန်ခံက “စစ်ဘေးရှောင်တွေ ယာယီနေထိုင်နေကြတဲ့ စာသင်ကျောင်းနဲ့ တိုက်နယ်ဆေးရုံတွေကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်ခံခဲ့ရတာပါ။ ကျနော်တို့ ရရှိထားတဲ့ သတင်းတွေအရဆိုရင် စာသင်ကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ အသက် ၃၀ ကျော် အမျိုးသမီး ၁ ယောက်အပါအဝင် ၅ ယောက်ထက်မနည်း နေရာမှာတင် ဆုံးသွားကြပါတယ်။ ဒဏ်ရာရတဲ့သူတွေလည်းများပြီးတော့ ဆေးကုသမှုခံယူနေကြရပါတယ်။ အဲဒီအထဲမှာ အသက်အန္တရာယ်စိုးရိမ်ရသူတွေလည်း ရှိနေပါသေးတယ်ဗျ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အတုအယောင်ရွေးကောက်ပွဲ မလုပ်ဖြစ်တဲ့ ဝက်လက်မြို့နယ်ထဲကို လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်နေသလို မြေပြင်ကနေလည်း အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။
ညောင်ကန်ကျေးရွာနဲ့ အနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်နေတာမရှိသလို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အထိုင်စခန်းတွေမရှိဘဲနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဆေးရုံနဲ့ စာသင်ကျောင်းတွေကို စစ်ကောင်စီက ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာလို့ ဆိုပါတယ်။
ဇန်နဝါရီ ၆ ရက် မနက်ကလည်း ဝက်လက်မြို့နယ် တောင်ခြမ်းမှာရှိတဲ့ ပေါက်ကန်ဘူတာကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးနဲ့ ပေါင် ၃၀၀ ဗုံးသီး ၃ လုံး ကြဲချသွားခဲ့တာကြောင့် ၅ လသားအရွယ် ကလေးငယ် ၁ ဦး၊ အသက် ၇၀ အရွယ် ဒေါ်မြ၊ အသက် ၆၀ အရွယ် CDM ကျောင်းဆရာမ ဒေါ်တင်တင်ဌေး တို့ ၃ ယောက် သေဆုံးခဲ့ရသလို သံဃာတော် ၁ ပါးနဲ့ အမျိုးသား ၁ ယောက် ဦးခေါင်းထိမှန် ဒဏ်ရာရရှိခဲ့ပြီး ဓမ္မာရုံ၊ စာသင်ကျောင်းဆောင်၊ လူနေအိမ်နဲ့ မော်တော်ယာဥ်တချို့ မီးလောင်ပျက်စီးခဲ့ရပါသေးတယ်။






