စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၄ ရက် မနက်အစောပိုင်း ၅ နာရီ ၂ မိနစ်မှာ စက်တပ်လေထီးနဲ့ ဗုံးကြဲချခဲ့လို့ ဒေသခံ ၂ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သက္ကယ်ကျင်းရွာသားတယောက်က “နမခ တက်လာတဲ့ စက်တပ်လေထီးနဲ့ ကြဲချတာ။ ကြဲချတဲ့နေရာကလည်း စစ်ဘေးရှောင်တွေ စုနေတဲ့ ဘုန်းတော်ကြီးကျောင်းအတွင်းကို ချသွားတာ။ အဲလိုကြဲချသွားလို့ ကိုချစ်ဆန်းတို့ သားအဖ နှစ်ဦး နေရာတင် သေဆုံးရပြီး ကိုချစ်ဆန်းမိန်းမ အပါအဝင် ပြည်သူ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်” လို့ ပြောပါတယ်။
သက္ကယ်ကျင်းရွာကို စစ်တပ်က ၂၀၂၅ ခုနှစ် မတ် ၁၅ ရက် မွန်းလွဲ ၁ ရီကျော်မှာ မီးရှို့သွားတာကြောင့် အိမ်ခြေ ၅၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့လည်း သိရပါတယ်။
မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆာင် ကိုရဲကြီးက “မီးဘေးသင့် စစ်ရှောင်တွေနေတဲ့ နေရာကို အကြောင်းမဲ့ ဗုံးကြဲချသွားတာ။ အိမ်ပြန်မဆောက်နိုင်ကြသေးတော့ ဘုန်းကြီးကျောင်းမှာ နေထိုင်ကြတာကို အကြောင်းမဲ့ ဗုံးကြဲသွားတာ။ အတော်လေးကို ယုတ်မာလွန်းပါတယ်။ ဒီစစ်တပ်ကိုတော့ ပြောစရာစကား မရှိတော့ပါဘူးဗျာ” လို့ ပြောပါတယ်။
သက္ကယ်ကျင်း ရွာသူရွာသားတွေကတော့ နောက်ထပ်တကြိမ် လာရောက် လေယာဉ်နဲ့ ကြဲချဦးမယ်ဆိုတဲ့ ဒေသတွင်းသတင်းတွေ ထွက်ပေါ်နေတာကြောင့် စိုးရိမ်နေကြပြီး ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရတယ်လို့လည်း သိရပါတယ်။







