စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ထဲကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၉ ရက်မှာ တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲတွေကြဲချခဲ့တာကြောင့် ၃ နှစ်အရွယ်ကလေးငယ် အပါအဝင် ၈ ယောက် သေဆုံးကာ ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Indaw Revolution – IR ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “အင်းတော်မြို့နယ်ထဲမှာရှိတဲ့ မော်လူးဒေသက နမီးကျေးရွာအုပ်စု၊ လေဘိုရွာကို စစ်တပ်ကဂျက်ဖိုက်တာတွေနဲ့ ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ၃ နှစ်အရွယ်ကလေးငယ်အပါအဝင် မိသားစုလိုက် ၇ ယောက်နဲ့ ဘေးအိမ်က ၁ ယောက် စုစုပေါင်း ၈ ယောက်သေဆုံးပြီးတော့ ဒဏ်ရာရရှိသူကလည်း ၂ ယောက်ဖြစ်ပါတယ်။ လူနေအိမ်တချို့လည်း ပျက်စီးသွားပါသေးတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ လေဘိုကျေးရွာကို ဇန်နဝါရီ ၂၉ ရက်မနက် ၁၀ နာရီခွဲဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်ခဲ့တုန်းက ထိခိုက်ပျက်စီးတာမရှိခဲ့ပေမဲ့ အဲဒီနေ့ည ၉ နာရီဝန်းကျင်မှာ ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးထပ်မံကြဲချခဲ့တာကြောင့် ထိခိုက်ပျက်စီးသေဆုံးတာတွေ များခဲ့တာလို့ ဆိုပါတယ်။
အင်းတော်မြို့နယ် သတင်းပြန်ကြားရေးအဖွဲ့ရဲ့ တာဝန်ရှိသူက “အခုဗုံးကြဲခံရတဲ့နေရာက အင်တာနက်နဲ့ ဖုန်းလိုင်းတွေအရမ်းအခက်အခဲရှိနေတဲ့နေရာဖြစ်လို့ မြေပြင်သတင်းကို အချိန်နဲ့တပြေးညီမရရှိနိုင်တာဖြစ်ပါတယ်။ အခုလက်ရှိ အဲဒီ လေဘိုရွာမှာက PDF စခန်းလည်းမရှိသလို စစ်တပ်စစ်ကြောင်းထိုးနေတာနဲ့ တိုက်ပွဲတွေဖြစ်နေတာလည်းမရှိပါဘူး။ အခုလထဲမှာတင် အင်းတော်မြို့နယ်ထဲက မော်လူးမြို့လို့ခေါ်တဲ့ မော်လူးဒေသကို စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ” လို့ ပြောပါတယ်။
အခု ဇန်နဝါရီလအတွင်း အင်းတော်မြို့နယ်၊ မော်လူးဒေသကို စစ်တပ်ရဲ့လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူ ၉ ယောက်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ယောက်၊ စုစုပေါင်း ၁၄ ယောက် သေဆုံးခဲ့တယ်လို့လည်း သူကဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မော်လူးဒေသ ပဲခူးကျေးရွာနဲ့ ရွာရှည်ကျေးရွာကြားကို ဇန်နဝါရီ ၂ ရက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် Grade 12 ကျောင်းသူ တယောက် သေဆုံးပြီး တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဇန်နဝါရီ ၂၁ ရက်ကလည်း မော်လူးမြို့၊ မာန်ဟဲကျေးရွာကိုဗုံးကြဲချခဲ့လို့ ပကဖတပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးပြီး ဒေသခံပြည်သူ ၂ ယောက် ဒဏ်ရာရရှိခဲ့ပါသေးတယ်။









