
ရခိုင်ပြည်၊ အမ်းမြို့နယ်နဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ် ပဒန်းအပိုင်က ရိုးတောင်ကျော်လမ်း နတ်ရေကန်တောင်မှာ ပိတ်မိခံနေတဲ့ လေကြောင်းရန်ကာကွယ်ရေးစခန်းကို ပြန်လည်ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီစစ်ကြောင်း ထိခိုက်ကျဆုံးမူများနေတဲ့အတွက် ပတ်ဝန်းကျင် ကျေးရွာတွေကို ဦးတည်တိုက်ခိုက်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
လမ်းဟောင်းစစ်ကြောင်း၊ လမ်းသစ်စစ်ကြောင်းတို့က လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူယူပြီး အခုလတွင်း ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေပေမဲ့ မူလနေရာကနေ နောက်ထပ် နောက်ဆုတ်နေရကာ နတ်ရေကန်စခန်းကို အာရက္ခတပ်တော် (AA) နဲ့ တော်လှန်ရေးတွေဆီ မသိမ်းပိုက်ခံရရေးအတွက် အခုလို ပတ်ဝန်းကျင်ကျေးရွာတွေကို ဦးတည်ပြီး တိုက်ခိုက်လာတာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
“အဓိက နောင်ရွာ၊ လိုင်ရွာ၊ ပဇီရွာတွေကို လေကြောင်းဂျက်၊ Y12၊ ဒရုန်း၊ လက်နက်ကြီးတို့နဲ့ နေ့စဉ်လိုလို လာပစ်နေတယ်။”
စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးနဲ့ ဇန်နဝါရီလ နောက်ဆုံးပတ်မှာ ပိုမိုတိုက်ခိုက်လာတဲ့အတွက် နတ်ရေကန်တောင် ပတ်ဝန်းကျင် ကျေးရွာတွေဖြစ်တဲ့ နောင်၊ လိုင်၊ ပဘဲ၊ ဝန်၊ တင်ပြင်း၊ လင်းဒဲ၊ စွန်တက်၊ ဘုံးဘော၊ ဂုတ်ကြီး၊ ပဇီ စတဲ့ကျေးရွာတွေထဲက ကျေးရွာအချို့ဟာ ကျေးရွာလုံးကျွတ်နီးပါး အိမ်တွေ ပြိုပျက်မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့နဲ့ နေ့စဉ် တိုက်ခိုက်နေတာကြောင့် ဒေသခံကျေးရွာသားတွေဟာ ရိုးတောင်ပေါ်မှာ နေရာရွှေ့ပြီး ဘေးလွတ်ရာ စစ်ရှောင်နေရတယ်လို့ တော်လှန်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ရွာမှာတော့ နေလို့မရတော့ဘူး၊ နေ့စဉ် လာတိုက်ခိုက်ခံနေရတယ်။ အခု သူတို့တွေက စစ်ရှောင်နေရတယ်။”
ဒါ့အပြင် တော်လှန်ရေးတပ်တွေ လနဲ့ချီ ဝိုင်းပိတ်ထားတဲ့ နတ်ရေကန်တောင်ကို စစ်ကောင်စီလေကြောင်းက နေ့စဉ် Y12၊ Y8 တို့နဲ့ စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်းတွေ လာပို့နေပြီး အပြန်မှာ နတ်ရေကန်တောင် ပတ်ဝန်းကျင် ကျေးရွာတွေ အနီးအနားကို ဗုံးကြဲနေတာဖြစ်ပါတယ်။
အလားတူ စစ်ကောင်စီဟာ မကွေးတိုင်း ရိုးတောင်နဲ့ တောင်ခြေရင်း အမှီပြုနေထိုင်တဲ့ ချင်းလူမျိုးတွေနေတဲ့ မင်းတုန်းမြို့နယ်၊ ဝက်ကော်ကျေးရွာမှ ပြည်သူပိုင် နေအိမ် ၂၈ လုံး၊ ထန်းလေးပင်ကျေးရွာက နေအိမ် ၅၀ ကျော်၊ ကင်းမွန်တောင့်ကျေးရွာမှ နေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်ရှိချိန်ထိ မင်းတုန်းမြို့၊ ကျွဲဘေးကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်းက ရှိနေသေးတယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကြောင်းဟာ ဇန်နဝါရီ ၂၂ ရက်က သီးပင်ကုန်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး ရွာထဲကျန်ရှိခဲ့တဲ့ ပြည်သူ အမျိုးသားတယောက်ကို ဖမ်းဆီးဝိုင်းဝန်းရိုက်နှက်ခဲ့သောကြောင့် သေဆုံးခဲ့ရပြီးနောက် ကျန်ရှိနေတဲ့ ဒေသခံအများစုမှာ နေရပ်မပြန်ဝံ့ဘဲ ရိုးတောင်မှာ စစ်ရှောင်နေရတယ်လို့ သိရပါတယ်။


