
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ငါးပိအိုးရွာကို စစ်တပ်က ဇန်နဝါရီ ၂၆ ရက် မနက်အစောပိုင်း ၁၂ နာရီ ၃၈ မိနစ်မှာ တကြိမ်၊ မွန်းလွဲ ၁ နာရီ ၄၇ မိနစ်တွေမှာ တကြိမ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။
ဒေသခံတယောက်က “ဘာတိုက်ပွဲမှမရှိဘဲကို ကြဲချတာဗျ။ ညပိုင်းကြဲတာက ရွာစာသင်ကျောင်းကို ကြဲချတာ။ အဲဒီအကြိမ်မှာက ၃ ဦး သေတယ်၊ ၁၀ ဦး ထိတယ်။ နေ့ခင်း လာကြဲတာက ၂ ဦး ထပ်ထိတယ်"လို့ ပြောပါတယ်။
ဗုံးလာရောက်ကြဲချတဲ့ လေယာဉ်ဟာ တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်တိုက်လေယာဉ် အမျိုးအစားဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က “တနေ့တည်းနဲ့ ၂ ကြိမ် ကြဲချတာဗျ။ တံတာဦးတပ်ဂျက်ဖိုက်တာ ၂ စီးနဲ့ကို ကြဲချတာ။ အရပ်သားပြည်သူ သေဆုံးတာအပြင် လူနေအိမ်နဲ့ စာသင်ကျောင်းပါ ပျက်စီးတယ်။ အဓိကတော့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာ”လို့ ပြောပါတယ်။
စစ်တပ်ကတော့ စစ်ကိုင်းတိုင်းအတွင်းကို မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်တာမျိုး မလုပ်တော့ဘဲ ဝေဟင်ကနေ လေကြောင်းတိုက်ခိုက်မှု ပိုတိုးလုပ်နေပြီး အရပ်သားသေဆုံးမှုတွေလည်း တနေ့တခြား များလာတာကိုလည်း တွေ့နေရပါတယ်။


