
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ထဲမှာ ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ ပါရာမော်တာ တစီးပျက်ကျခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဆိပ်ဖြူအခြေစိုက် ကပစ ၂၂ ထဲကနေ တက်လာတဲ့ ပါရာမော်တာ တစီးက မနက် ၁၀ နာရီခွဲလောက်မှာ ဆိပ်ဖြူနဲ့ ပေါက်နယ်စပ်က မုန်တိုင်ချောင်းနားမှာ ပျက်ကျတာလို့ ဒေသခံတယောက်က ပြောပါတယ်။
ဇန်နဝါရီ ၂၀ ရက် ဝန်းကျင်မှာ ဆိပ်ဖြူမြို့နယ်အခြေစိုက် ကပစ ၂၂ ထဲကို ပါရာမော်တာ ၃ စီးထက်မနည်း ရောက်ရှိလာခဲ့သေးတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့က ဆိုပါတယ်။
ပေါက်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်ခမောက်က “မနက် ၈ နာရီလောက်ကတည်းက အတက်အဆင်းတွေ လုပ်နေတာ။ ပါရာမော်တာတွေ ရောက်လာလို့ အမောင်းသင်နေတာလား။ အပျက်တွေကို ပြန်ပြင်ပြီး စမ်းသပ်မောင်းနှင်နေတာလားတော့ မသိဘူးပေါ့ဗျာ။ အဲဒီအစီးက ပထမတခေါက်၊ နှစ်ခေါက်လောက် အဆင်းအတက် လုပ်နေတာ အဆင်ပြေတယ်။ တတိယမြောက်အခေါက်ကျတော့ မုန်တိုင်းချောင်းနားက သူတို့ ပကစ လုံခြုံရေးဂိတ်နားလေးမှာ သူ့ဘာသူ ပျက်ကျပြီး မီးလောင်တော့ ကပစ ၂၂ ထဲကနေက နယ်မြေရှင်းလင်းရေးတွေ တန်းရောက်လာကြတယ်” လို့ ပြောပါတယ်။
အဆိုပါပျက်ကျတဲ့ ပါရာမော်တာ မောင်းနှင်သူတွေနဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ ဆက်လက် စုံစမ်းနေတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပေါက်မြို့နယ်၊ မြိုင်မြို့နယ်၊ ဆိပ်ဖြူမြို့နယ်နဲ့ ဂန့်ဂေါမြို့နယ်တွေထဲက ကျေးရွာတွေကို အချိန်မရွေး လေကြောင်းတိုက်ခိုက်လာနိုင်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ပေါ့ပေါ့ဆဆ မနေကြဖို့နဲ့ လူစုလူဝေးပြီး ပွဲလမ်းသဘင် လုပ်ဆောင်တာတွေကိုလည်း အတတ်နိုင်ဆုံး ရှောင်ကြဥ်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။


