
စစ်ကောင်စီ ရွေးကောက်ပွဲ အပိုင်း ၃ ကို ပဲခူးတိုင်းအတွင်းက ၈ မြို့နယ်မှာ ကျင်းပနေပြီး ဝေါမြို့နယ်တွင်းက ကျေးရွာတွေမှာ ကြိုတင်မဲ ဖိအားပေး ကောက်ခံတာတွေ ရှိခဲ့ပါတယ်။
ပဲခူးတိုင်းအတွင်း ရွေးကောက်ပွဲ အပိုင်း ၃ နေ့ မတိုင်ခင်ကတည်းက ဝေါမြို့နယ် စစ်တောင်းမြစ်ကမ်းဘက်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်က ရွာသားတွေကို မဲပေးဖို့ ကြိုတင်မဲ ကောက်ခံတာတွေ လုပ်ခဲ့ပြီး ကြံ့ခိုင်ရေးပါတီကို ဖိအားပေး မဲပေးခိုင်းတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပတဲ့ ဇန်နဝါရီ ၂၅ ရက်မှာလည်း စစ်တပ်က ဝေါမြို့ပေါ်မှာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားပြီး မဲရုံတွေမှာ စောင့်ကြည့်နေသလို ရွာဘက်တွေမှာ မဖြစ်မနေ မဲထည့်ရမယ်လို့ ဖိအားပေး လှုံ့ဆော်နေပါတယ်။
ဝေါမြို့နယ် ဒေသခံတယောက်က “ဝေါဘက်အခြမ်းမှာတော့ ဝေါမြို့ပေါ်မှာတော့ လုံခြုံရေး တင်းတင်းကျပ်ကျပ်နဲ့ ရွေးကောက်ပွဲမှာ မဲထည့်ဖို့က ပြီးသွားပြီ။ ရွာသားအများစု ပြောတာတော့ မဲရုံတွေမှာ စောင့်ကြပ်ပြီးတော့ ကြည့်နေတယ်။ ကြံ့ခိုင်ရေးပါတီကနေ မဲထည့်ခြင်း၊ မထည့်ခြင်းအပေါ် တောက်လျှောက်ကြည့်နေတယ်။ နောက်ပြီးတော့ ရွာတွေမှာလည်း ဖိအားပေးတယ်။ စစ်တပ်က လိုက်ပါပြီးတော့ မဖြစ်မနေ မဲထည့်ရမယ်ဆိုတဲ့ ပုံစံမျိုး ပြောတယ်။ အဓိကတော့ ကြံ့ခိုင်ရေးပါတီကို မဲထည့်ရမယ်လို့ လှုံ့ဆော်တဲ့သဘောပေါ့” လို့ ပြောပါတယ်။
အခုလို ကြိုတင်မဲ ကောက်ယူတာဟာ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်လာရင် ရွေးကောက်ပွဲ ပျက်သွားနိုင်မဲ့ အခြေအနေကို စစ်ကောင်စီဘက်က စိုးရိမ်တာကြောင့် လုပ်ဆောင်တာလို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သုံးသပ်ပါတယ်။
စစ်တပ်ဘက်ကလည်း ရွေးကောက်ပွဲ ကျင်းပနေတဲ့ မြို့တွေကို တော်လှန်ရေးတပ်တွေ မတိုက်ခိုက်နိုင်အောင် မြေပြင်ကနေ စစ်ကြောင်းထိုးတာ၊ ဝေဟင်ကနေ ကင်းလှည့်တာတွေလည်း လုပ်ဆောင်နေပါတယ်။
ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တယောက်က “ရွာတွေမှာက ၂၃၊ ၂၄၊ ၂၅ မှာ ကြိုတင်မဲတွေနဲ့ သူတို့ရွေးကောက်ပွဲကို နှောင့်ယှက်မှာစိုးလို့ အပြီးလုပ်တယ်။ အတင်း မဲထည့်ခိုင်းတယ်လို့ သိရတယ်။ တချို့ရွာတွေဆိုရင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးအိမ်မှာ အတင်း မဲလာထည့်ခိုင်းတယ်။ တအိမ်ကို တယောက်၊ အသက် ၁၈ နှစ်နဲ့အထက် ၅ ယောက်ရှိရင် ၅ ယောက်လုံး လာစရာမလိုဘူး။ အိမ်သားထဲက တယောက်ထည့်ရင် ရတယ်ဆိုပြီး ထည့်ခိုင်းတယ်။ စစ်တောင်းမြစ်ကမ်းနားဘက်ဆိုရင် ၂၄ ရက်ညမှာ တော်လှန်ရေးအင်အားစုတွေ မဲပေးတာကို လာနှောင့်ယှက်မှာစိုးလို့ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ တောက်လျှောက်ပစ်တယ်။ ၂၅ ရက် မနက်စောစောမှာ အတင်း မဲကို ကတိုက်ကရိုက် ထည့်ခိုင်းလိုက်တယ်၊ အဲဒါတွေ့ရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ ရွေးကောက်ပွဲ အပိုင်း ၃ ကို ပဲခူးတိုင်းအတွင်းက ကျောက်ကြီး၊ ကျောက်တံခါး၊ ဖြူး၊ အုတ်တွင်း၊ သဲကုန်း၊ ဝေါ၊ ကြို့ပင်ကောက်နဲ့ အုတ်ဖို စတဲ့ ၈ မြို့နယ်မှာ ကျင်းပခဲ့တာပါ။
ဇန်နဝါရီ ၂၅ ရက် မနက် ၆ နာရီက စတင်ပြီး ဝေါမြို့နယ်အတွင်း ပြည်သူတွေ မဲရုံအသီးသီးမှာ မဲလာထည့်ကြဖို့ လှုံ့ဆော်ကြေညာထားပါတယ်။
ပဲခူးတိုင်း ဝေါမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက် ၆ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၅၇ အုပ်စုမှာ မဲရုံ စုစုပေါင်း ၁၀၇ ရုံ၊ မဲဆန္ဒရှင်ဦးရေ ၁၀၉,၇၀၀ ကျော်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရ ထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။
ဇွဲသစ်


