
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေရဲ့ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကို သိန်းနဲ့ချီတဲ့ အမေရိကန်ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုအားပေးနေကြချိန်မှာ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ တရားခွင်ထဲမှာတော့ မြန်မာဘုန်းကြီး သီတဂူနဲ့ ဝီရသူက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ဖို့ ဝါဒဖြန့်လှုံ့ဆော်ခဲ့သူတွေအဖြစ် ထုတ်ဖော် စွပ်စွဲခံနေရတာ တွေ့ရတယ်။
ဂမ်ဘီယာနိုင်ငံ ရှေ့နေ မစ္စတာအာဆလန်ဆူလေမန်က မြန်မာစစ်အုပ်စုဝင်တွေက ရိုဟင်ဂျာ ဆန့်ကျင်ရေး အမုန်းစကားတွေကို ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်ခဲ့ကြောင်း ICJ တရားရုံးမှာ လျှောက်ထားခဲ့ပြီး အဲဒီဝါဒဖြန့်မှုမှာ သီတဂူ၊ ဝီရသူနဲ့ လူမျိုးဘာသာအစွန်းရောက် မဘသဘုန်းကြီးတွေလည်း အထူးတလည်ပါဝင်ခဲ့ကြောင်း သက်သေတွေနဲ့တကွ တင်ပြခဲ့တယ်။
ဝီရသူက ရိုဟင်ဂျာတွေအပေါ် ပြင်းထန် ရန်လို ရင့်သီးတဲ့ အသုံးအနှုန်းတွေ ပြောဆိုခဲ့ကြောင်းနဲ့ ဝီရသူကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် သီရိပျံချီဘွဲ့ချီးမြှင့်ခဲ့ကြောင်း ဂမ်ဘီယာရှေ့နေက ICJ တရားရုံးမှာ ဆိုပါတယ်။
ဆက်လက်ပြီး သီတဂူဘုန်းကြီးရဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာအတွင်း တရားဟောကြားချက်။ ဘာသာမဲ့၊ မကောင်းဆိုးဝါး စစ်သည် ၅ သိန်းကို သတ်ဖြတ်ခဲ့တဲ့ ရှင်ဘုရင် သေးငယ်တဲ့ အပြစ်သာဖြစ်မှာမို့ မစိုးရိမ်ဖို့ ဆိုတဲ့ တရား။ ရှင်ဘုရင် သတ်ခဲ့သူတွေဟာ ဗုဒ္ဓဘာသာဝင်တဦးမှ မပါတာကြောင့် အကောင်း၊ အဆိုး မသိ။ အကောင်း၊ အဆိုး မသိခြင်းဟာ တိရစ္ဆာန်တွေသာ ဖြစ်ကြောင်း သီတဂူဘုန်းကြီးက အဲဒီတရားကို စစ်တပ်ထဲ ဟောကြားခဲ့တယ်။
သီတဂူဟောကြားချက်ကို ဖြည်လိုက်ရင် ဗုဒ္ဓဘာသာမဟုတ်တဲ့သူ၊ ဘာသာမဲ့သူတွေကို သတ်ခြင်း ဟာ သေးငယ်တဲ့အပြစ်သာ ကျမယ်လို့ ဆိုလိုပုံ။ စစ်တပ်က နယ်မြေရှင်းစစ်ဆင်ရေးခေါင်းစဉ်နဲ့ ရခိုင်ဒေသမှာ တွေ့ရာသင်္ချိုင်း ဓားမဆိုင်း လုပ်နေချိန် စစ်တပ်ထဲမှာ ဟောတဲ့တရားမို့ တည့်တည့်ထပ်ပြောရရင် စစ်သားတွေက ရိုဟင်ဂျာတွေကို သတ်တာဟာ အပြစ်မရှိဘူးဆိုတဲ့ သဘော။ ထပ်ပြောရရင် မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ ဘုန်းကြီးလည်းဖြစ်၊ ရွှေကျင်သာသနာပိုင်လည်းဖြစ်တဲ့ သီတဂူက လူသတ်ပွဲကြီးကို အားပေးအားမြှောက်။ (အဲဒီ ဟောကြားချက် အွန်လိုင်းပေါ် တက်လာကတည်းက မြန်မာပြည်သူတွေ အော့နှလုံးနာ ကန့်ကွက်ခဲ့ကြတာလည်း မှတ်တမ်းတင်ရပါမယ်။)
လက်ရှိ ICJ တရားရုံးက ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု တရားခွင်ကို ကမ္ဘာအနှံ့ စိတ်ဝင်စားသူ လည်း များတာကြောင့် ကမ္ဘာ့အလယ်မှာ မြန်မာဘုန်းကြီးတွေဟာ လူမျိုးဘာသာ ခွဲခြားစိတ်ကြီးပြီး အကြမ်းဖက် လူသတ်ခြင်းကိုပင် အားပေးအားမြှောက်ပြုရဲသူတွေပါလားလို့ အထင်ခံရနိုင်ပါတယ်။ ပြောရရင် အာဏာရှင်စစ်တပ်ရဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကြောင့် ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံ နာမည်ပျက်ရသလို သီတဂူ၊ ဝီရသူနဲ့ မဘသဘုန်းကြီးတွေကြောင့် မြန်မာတို့ရဲ့ ငြိမ်းချမ်းခြင်းအတိပြီးတဲ့ ဗုဒ္ဓဘာသာလည်း အသရေပျက်ရတယ်။
တကယ်တော့ သီတဂူ၊ ဝီရသူနဲ့ မဘသဘုန်းကြီးတွေဟာ လူမျိုး၊ ဘာသာ အစွန်းရောက် အမုန်းတရား ကြီးမှုတွေနဲ့ လူသတ်ခြင်းကိုပါ အားပေးအားမြှောက်ပြုခဲ့တယ်ဆိုပေမဲ့ အဲဒါဟာ အပေါ်ယံ မျက်နှာဖုံးမျှသာ ဖြစ်ပါတယ်။ သူတို့ရဲ့ တကယ့်အတွင်းသားအစစ်အမှန်က စစ်အာဏာရှင်စနစ် အဓွန့်ရှည်ရေးဖြစ်ကြောင်း လောလောလတ်လတ် သမိုင်းဖြစ်ရပ်များက သက်သေခံနေပါတယ်။
သိန်းစိန်အစိုးရလက်ထက်မှာ လူမျိုးဘာသာ အစွန်းရောက်ခေါင်းစဉ်နဲ့ တမြို့ပြီးတမြို့ မီးလောင် တိုက်သွင်းခဲ့တဲ့သူတွေဟာ မဘသ ဆိုင်းဘုတ်တခုအောက် စုစည်းမိပြီးနောက် စစ်အုပ်စု နိုင်ငံရေးလက်ခွဲ ကြံ့ဖွံ့ပါတီ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရရေးအတွက် ဗြောင်ကျကျ မဲဆွယ်၊ ဝီရသူဆိုရင် ကြံ့ဖွံ့မနိုင်ရင် ကိုယ့်ကိုယ်ကိုယ်သတ်သေမယ်လို့ ပြောရဲခဲ့တဲ့အထိ။
NLD အစိုးရ တက်လာပြီးနောက် လူမျိုးဘာသာ အခြေပြု အကြမ်းဖက်မှုတွေကို မဘသဘုန်းကြီးတွေက တောက်လျှောက်ဖော်ဆောင်ကာ တိုင်းပြည်မငြိမ်သက်အောင် ကြံဆောင်ခဲ့တယ်။ အပေါ်ယံကြည့်လိုက်ရင် လူမျိုးဘာသာ ခေါင်းစီးကို တွေ့ရပေမဲ့ အတွင်းသားရည်ရွယ်ချက်က ရသလောက် ခြေထိုးခံကာ တိုင်းပြည် ရှေ့တလှမ်းမတိုးစေရေးနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီ အစိုးရမဖွဲ့နိုင်ရေးသာ ဖြစ်ပါတယ်။
NLD အစိုးရလက်ထက်မှာ လူမျိုးဘာသာအခြေပြု အဓိကရုဏ်းတွေကို မဘသအုပ်စုက အခွင့်ရတာနဲ့ ဖော်ဆောင်ခဲ့ကြပေမဲ့ အာဏာသိမ်းပြီးနောက် ဘာ့ကြောင့်မရှိတော့တာပါလဲ။ မဘသတို့ရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ စစ်အာဏာရှင်တွေရဲ့လက်ထဲ တိုင်းပြည်အာဏာ ရောက်ရှိသွားတာကြောင့်ပါပဲ။
အာဏာသိမ်းစစ်တပ်ကို သီတဂူ၊ ဝီရသူနဲ့ မဘသတသိုက်က အားပေးအားမြှောက်ပြုကြရုံတင်မက ကိုယ့်ပြည်သူကိုယ် ပြန်သတ်နေတဲ့ မင်းအောင်လှိုင်ရဲ့လက်ကို တရားဒေသနာတွေနဲ့ ဆေးကြောပေးခဲ့ကြပုံပါ။ စစ်အာဏာသိမ်းပြီးကာလတွေမှာ မဘသတွေဟာ သူတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စစ်အုပ်စု အာဏာရရှိသွားပြီမို့ သူတို့လုပ်နေကျ လူမျိုးဘာသာ အဓိကရုဏ်းဖော်မှုတွေကို ခေါက်သိမ်းကာ စစ်အုပ်စုအာဏာ တည်မြဲရေးအတွက် ပျူစောထီးဘွဲ့ခံ သေနတ်ထမ်းသူက ထမ်းကြတော့တယ်။
လူသတ်လက်နက်နဲ့ ရဟန်းလက် ဘာဆိုဘာမှ မဆိုင်ပေမဲ့ သေနတ်ပစ်လေ့ကျင့်နေတဲ့ မဘသဘုန်း ကြီးတွေရဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ် တွေ့လာရတယ်။ ပေါက်ကိုယ်တော်နဲ့ ကန့်ဘလူပျူစောထီးခေါင်းဆောင် ဝါသဝ တို့ ထွန်းတောက်လာတယ်။ ဘုန်းကြီး ဆိုသူတွေက လူသတ်လက်နက်ကိုင်၊ ပြည်သူကို အကြမ်းဖက် ရွာမီးရှို့ကြတယ်။
စစ်ကိုင်းတောင်ရိုးက သီတဂူကျောင်းတိုက်ကနေ လှမ်းကြည့်ရင် စစ်တပ် မီးရှို့ဖျက်ဆီးလို့ ပြာကျနေတဲ့ ရွာတွေကို အတိုင်းသားမြင်နေရပေမဲ့ ပြည်သူသတ်စစ်တပ်ကို ထောက်ခံအားပေးနေတဲ့ သီတဂူဘုန်းကြီး မမြင်တာတော့ ဘယ်ဆန်းလိမ့်မလဲ။
နေ့စဉ်ဆိုသလို စစ်တပ် ဗုံးကြဲလို့ ပြည်သူတွေ အသက်ပေးနေရတယ်။ စစ်တပ်ဟာ ရိုဟင်ဂျာတွေကို သတ်ခဲ့သလို မြန်မာပြည်သူတွေကိုလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီ ၂၀ ရက်အထိ မှတ်တမ်းအရ ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၇၆၉၉ ဦး ရှိပြီပဲဖြစ်တယ်။
စစ်တပ် ဗုံးကြဲလို့ သံဃာတော်တွေလည်း ပျံလွန်၊ ဘုန်းကြီးကျောင်းနဲ့ သာသနိကအဆောက်အအုံတွေလည်း ပျက်စီးနေပေမဲ့ ထေကြီးဝါကြီး ဆရာတော်ကြီးတွေနဲ့ သံဃမဟာနာယကအဖွဲ့က ပြေရာပြေကြောင်း ဖျောင်းဖျတဲ့ လေသံမျိုးနဲ့တောင် ထုတ်ဖော်ပြောကြားခြင်း မရှိတာလည်း မြန်မာပြည်သူတွေ အထူးတလည် မှတ်သားနေရပါတယ်။
သံဃမဟာနာယကဘုန်းကြီးတွေဟာ မြို့တွေရွာတွေက သင်္ကန်းအရေခြုံ တောင်းရမ်း သောက်စား၊ အမြင်မတင့်တယ်တာတွေကို စစ်မေးချေချွတ်နေပေမဲ့ သင်္ကန်းဝတ်ပြီး သေနတ်ကိုင်ထားသူတွေနဲ့ ပြည်သူသတ် စစ်ခေါင်းဆောင်တွေနဲ့ အပြန်အလှန်ဦးညွှတ်နေကြတဲ့ ဘုန်းကြီးတွေကျ မမြင်ချင်ယောင်ဆောင်နေကြတာ ဒီနေ့ထိတိုင်ပါပဲ။
စစ်တပ်က ပြည်သူတွေကို ဘယ်လောက်သတ်သတ် ငါတို့နဲ့မဆိုင်ဘူးလို့ အနေရဲခဲ့တဲ့ ဘုန်းကြီးတွေကြောင့် ပြည်သူတွေရဲ့ကြား မေးခွန်းထုတ်သံတွေ ပွက်လောရိုက်နေတာလည်း သဘာဝကျပါတယ်။ ပြည်သူတွေ ဘာဖြစ်ဖြစ် စစ်ဗိုလ်ချုပ်တွေရဲ့ အငြိုငြင်ခံလို့တော့ မဖြစ်ဘူးလို့ ဘုန်းကြီးများစွာက ရှုမြင်ကြပုံပါပဲ။
စစ်ဗိုလ်ချုပ်တွေနဲ့ ပတ်သက်လာရင် ခန္တီစပါရမီကြီးတဲ့ ဘုန်းကြီးတွေ သိပ်များလေတော့ ဗုဒ္ဓဘာသာဟာ အမှန်နဲ့ အမှားကိုတောင် ခွဲခြားနိုင်စွမ်း မရှိဘူးလားလို့တောင် မေးခွန်းထုတ်ရပါတော့မယ်။


