
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အရှေ့မြောက်ခြမ်း၊ အလယ်သျိုကျေးရွာ အရှေ့တောင်ဘက် ယောက်သွားအိုင်ရွာထိပ်ကို ဇန်နဝါရီ ၂၄ ရက် နေ့ခင်း ၂ နာရီကျော်မှာ စစ်တပ်က လေကြောင်းတိုက်ခဲ့တယ်လို့ ခင်ဦးဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံရွာသားတယောက်က “ရွာထိပ်က ဇရပ်တောင်ဘက် တံတားအနီးဝန်းကျင်ကို ကြဲချသွားတာ။ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရတယ်။ တဦးကတော့ ဒဏ်ရာပြင်းထန်တယ်။ နောက်ပြီး လိုက်ထရပ်ကားတစီးလည်း ပျက်စီးတယ်ဗျ” လို့ ပြောပါတယ်။
အဆိုပါနေရာကို စစ်ကောင်စီတပ်က နမခတက် ဂျိုင်ရိုကော်ပတာနဲ့ လေကြောင်းကနေ ဗုံးကြဲချသွားတာလို့လည်း သိရပါတယ်။
ခင်ဦး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက “ဘလိုင်းကြီးကို ကြဲချသွားတာ။ ဒဏ်ရာရသူ ၂ ဦးကိုတော့ ဆေးကုသပေးထားပါတယ်။ စစ်တပ်က စစ်ရေးပစ်မှတ်မရှိတဲ့ နေရာတွေကိုပါ ထင်တိုင်းလုပ်နေတာမို့ ပြည်သူတွေအနေနဲ့ လေကြောင်းရန်ကို အထူးသတိထားဖို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ခင်ဦးမြို့နယ်အတွင်းကို လေကြောင်းကနေ ဖိအားပေး ဗုံးကြဲချ တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြရတယ်လို့လည်း သိရပါတယ်။
ဒီဇင်ဘာ ၁၈ ရက်နဲ့ ၂၇ ရက်ကလည်း ခင်ဦးမြို့နယ်၊ မြေနီသျှိုလမ်းဆုံကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲချခဲ့ပါတယ်။


