
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်ကောင်စီက ဒီနေ့ ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းမှာ ရွေးကောက်ပွဲ အပိုင်း ၃ ပြုလုပ်နေချိန် လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားတွေ ထိမှန်ဒဏ်ရာရသလို ရွေးကောက်ပွဲလည်း ရပ်တန့်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က ဖားကန့်မြို့ပေါ် ၅ ရပ်ကွက်ကို ပိတ်ဆို့ပြီး ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေချိန် စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့ အပြန်အလှန် လက်နက်ကြီးနဲ့ ပစ်ခတ်နေတာ ဖြစ်ပြီး မဲရုံတွေအနီးနဲ့ ဆိုင်းတောင်ရပ်ကွက် ၃ ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတယောက်နဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတယောက် အပါအဝင် ၅ ယောက်ဝန်းကျင် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ငှက်ပျောတောရပ်ကွက် မဲရုံနားပေါ့၊ KBZ ဘဏ်နီးကို လက်နက်ကြီးတလုံး ကျတယ်။ ဆိုင်းတောင်မှာလည်း လက်နက်ကြီးကျတယ်။ မရှီကထောင်၊ မာယူဘက်တွေကနေ ပစ်နေတာပဲ။ ဗျူဟာကုန်းက ရမ်းပစ်တယ်၊ ဟိုဘက်ကလည်း ရမ်းပစ်တယ်။ မြို့တွင်းထဲတော့ ပေါက်ကွဲသံတွေ စုံနေတာပဲ။ ရှော့တိုက်ဒုံးတွေနဲ့ ပစ်နေလို့ မဲရုံတွေနား ကျကွဲတယ်။ ရွေးကောက်ပွဲတော့ အခုထိ မလုပ်ရသေးဘူး။ စစ်ကောင်စီဘက်က ဘယ်လို ဆက်ပြင်ဆင်မလဲ မသိရသေးဘူး” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲ အပိုင်း ၃ ကို မော်ဝမ်း၊ အေးမြသာယာ၊ မြို့မ၊ ငှက်ပျောတော၊ မရှီကထောင် ရပ်ကွက်တို့မှာ မဲရုံ ၅ ခုနဲ့ ကာမိုင်းမြို့နယ်ခွဲ၊ ဖားကန့်-ကာမိုင်းလမ်းက နန့်ယား၊ ကပ်မှော်စွပ်ကျေးရွာအုပ်စု၊ တနိုင်း-ဖားကန့်လမ်းကြောက ရွာတချို့မှာလည်း ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး လုံခြုံရေးအင်အား တိုးမြှင့်ထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ဖားကန့်မြို့နယ်ထဲက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားသလို စစ်ကောင်စီတပ်တွေလည်း ထိန်းချုပ်တဲ့ ဆိတ်မူကျေးရွာအုပ်စု၊ လုံးခင်းကျေးရွာအုပ်စု၊ နန့်မဖြစ်ကျေးရွာအုပ်စု၊ မှော်ဆီဇာကျေးရွာအုပ်စု၊ ဟောင်ပါးကျေးရွာအုပ်စုတွေမှာတော့ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ဖားကန့်တမြို့နယ်လုံးမှာ မဲရုံ ၂၅ ရုံခန့်သာ ထားရှိနိုင်မှာဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက် ၃ နေရာသာရှိကာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) နဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တို့ ဝင်ပြိုင်နေကြတာ ဖြစ်ပါတယ်။
ဖားကန့်မြို့ပေါ်မှာ ရပ်ကွက် ၆ ခုရှိပြီးတော့ မြို့ပေါ်နေလူဦးရေ ၁၄၀,၀၀၀ ကျော် ရှိသလို မဲပေးခွင့်ရှိသူ မဲဆန္ဒရှင် ၈၀,၀၀၀ ကျော် ရှိတယ်လို့ စစ်ကောင်စီဘက်က ၂၀၂၃ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီဘက်ကတော့ အခုရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၅၆ နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူ (FPTP) မဲဆန္ဒနယ် ၅၆ နယ်ထဲမှာ ကချင်ပြည်နယ် ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ အင်ဂျန်းယန်မြို့နယ် မဲဆန္ဒနယ်တွေ ပါဝင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ဖားကန့် မှော်လှည့်သပိတ်နဲ့ လုံးခင်းသပိတ်အင်အားစုတွေကတော့ စစ်ကောင်စီပြုလုပ်မဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၄ ရက်မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။


