
မန္တလေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေတာကြောင့် လုံခြုံရေးတင်းကျပ်ထားပြီး လူငယ်အချို့ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ခေါင်းဆောင်ဟာ ဇန်နဝါရီ ၂၅ ရက်နေ့ ရွေးကောက်ပွဲအပိုင်း ၃ မှာ ပြည်သူတွေ မဲထည့်တာကို လိုက်လံကြည့်ရှုဖို့အတွက်ဆိုပြီး ရောက်ရှိနေတာ ဖြစ်ပါတယ်။
မန္တလေးတမြို့လုံးကို လုံခြုံရေးအထူးတင်းကျပ်ထားပြီး လမ်းသွားလမ်းလာ လူငယ်တွေကို စစ်ဆေးပြီး မသင်္ကာသူတွေကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
မန္တလေးမြို့ခံတယောက်က “လုံခြုံရေးက တော်တော်ကျပ်တာ။ အိုးဝေသမားတွေကိုလည်း တောက်လျှောက်စစ်တယ်။ ဆိုင်ကယ်သမားတွေကိုလည်း စစ်တယ်။ တချို့ကောင်လေးတွေဆိုရင် ဆွဲခေါ်သွားတာ။ အရင်က ဒီလောက် မစစ်ဘူး။ အခုက တော်တော်ဆိုးတာ။ အိမ်နားက ကောင်လေးတယောက်ဆို လက်ဖက်ရည်ဆိုင်ကနေ ပြန်လာတာ။ ဆိုင်ကယ်ကို တားပြီး စစ်တယ်။ ပြီးတော့ ဆိုင်ကယ်သော့ သိမ်းပြီး ကောင်လေးကို ခေါ်သွားတယ်” လို့ ပြောပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၃ မှာ သတင်းရယူဖို့ မန္တလေးကို ရောက်ရှိနေတဲ့ နိုင်ငံခြားသား သတင်းထောက်တွေကိုလည်း ပေးမရိုက်ဘဲ မချေမငံ ပြန်လည်ပြောဆိုနေတာတွေ ရှိတယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပမဲ့မြို့နယ်တွေထဲမှာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြစ်သား၊ ချမ်းမြသာစည်၊ မလှိုင်၊ တောင်သာ၊ မြင်းခြံ၊ ငါန်းဇွန်၊ သပိတ်ကျင်းနဲ့ ပုသိမ်ကြီးမြို့တို့ ပါဝင်ပါတယ်။
အလားတူ ရန်ကုန်မှာလည်း ရွေးကောက်ပွဲ နောက်ဆုံးနေ့ကို အကြောင်းပြကာ လုံခြုံရေးတွေ တင်းကျပ်ထားပြီး ပေါက်ကွဲမှုတွေမဖြစ်စေဖို့ အမှိုက်ပုံးပါမကျန် နေရာတိုင်းကို စစ်ကောင်စီ တပ်သားတွေနဲ့ရဲတွေက မွှေနှောက်ရှာဖွေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။


