အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲနောက်ဆုံးအပိုင်းဖြစ်တဲ့ အပိုင်း ၃ ကို ဇန်နဝါရီ ၂၅ ရက် ဒီကနေ့မနက်က ကျင်းပနေတာမှာ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက သူဝင်ရောက်အရွေးခံတဲ့ လမ်းမတော်မြို့နယ်ရှိ ၂ ရပ်ကွက်၊ မဲရုံအမှတ် ၂ မှာ မဲလာရောက်ပေးသွားပါတယ်။
ဦးကိုကိုကြီးက သူဝင်ရောက်ယှဥ်ပြိုင် အရွေးခံတဲ့ လမ်းမတော်မြို့နယ်က ပြည်သူတွေကို ယုံကြည်တယ်လို့ ပြောဆိုခဲ့ပြီး မနက် ၈ နာရီအထိ မဲလာပေးတဲ့ လူဦးရေကတော့ နည်းပါးနေတာကို တွေ့မြင်ရပါတယ်။
ပြည်သူ့ပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ၂ ပိုင်းစလုံးမှာ တနင်္သာတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တနေရာမှာပဲ အနိုင်ရထားပါသေးတယ်။
ရွေးကောက်ပွဲအပိုင်း ၃ မှာတော့ လမ်းမတော်မြို့နယ်အပါအဝင် တနိုင်ငံလုံးရှိမြို့နယ်ပေါင်း ၆၁ မြို့နယ်မှာ ကျင်းပနေတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရ ထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။













