
ကချင်ပြည်နယ် ဖားကန့်မြို့ကို စစ်ကောင်စီတပ်တွေက မြို့အဝင်အထွက်ကို ဇန်နဝါရီ ၂၄ ရက် မနက်ကစပြီး ပိတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မြို့အဝင် ပန်းတင်တံတားဂိတ်နဲ့ ဥရုချောင်းတံတားကို ပိတ်လိုက်တာ။ ဥရုချောင်းတံတား ဥရုရတနာကျောက်စိမ်းတောင် တံတားကတော့ ညကတည်းက ပိတ်လိုက်တယ်လို့ သိရတယ်။ အခုက အပြင်လည်းထွက်မရ။ ဟိုဘက် မရှီကထောင်ဘက်လည်း ကူးမရဖြစ်နေတာပေါ့။ ဘယ်တော့ပြန်ဖွင့်မလဲ မသိရသေးဘူး။ မနက်ဖြန်လုပ်မယ့် ရွေးကောက်ပွဲကြောင့် ဖြစ်နိုင်တယ်။”
ဇန်နဝါရီ ၂၅ ရက် စစ်အုပ်စုက ကျင်းပမယ့် အပိုင်း ၃ ရွေးကောက်ပွဲမှာ ဖားကန့်မြို့နယ်ပါဝင်ပေမဲ့ ဖားကန့်မြို့နယ်ထဲက ကျေးရွာ ၈ခုမှာ ရွေးကောက်ပွဲမကျင်းပနိုင်တော့ဘူးလို့ ဒီဇင်ဘာ ၂၇ ရက်က ကြေညာခဲ့ပါတယ်။
အပိုင်း ၃ ရွေးကောက်ပွဲကို ဖားကန့်မြို့ပေါ်ရပ်ကွက် ငါးခုက စာသင်ကျောင်းတွေမှာ ရွေးကောက်ပွဲပြုလုပ်ဖို့ ရှိနေပေမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အခြေအနေကို သေချာမသိရဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။
“ရပ်ကွက် ၅ ခုမှာ လုပ်မယ်ဆိုပေမဲ့ မဲရုံ၊ မဲစာရင်း ဘာမှ မသိရသေးဘူး။ ဘယ်မှာလုပ်မယ်ဆိုတာလည်း သေချာမသိရဘူး။ ဖားကန့် အထက မှာတော့ လုပ်မယ်ထင်တယ်။ မနေ့ညက မဲပုံးတွေ သယ်သွားတာတော့ တွေ့ရတယ်။”
ဖားကန့်မြို့နယ်ထဲက ဆိပ်မူကျေးရွာအုပ်စု၊ ဟောင်ပါးကျေးရွာအုပ်စုတွေကိုတော့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားပြီး လုံးခင်းကျေးရွာအုပ်စု၊ နမ္မဖြစ်ကျေးရွာအုပ်စု စတဲ့ ဖားကန့်မြို့အနီးက ကျေးရွာအုပ်စုတွေကတော့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေ စစ်ရေးတင်းမာနေတဲ့ အခြေအနေဖြစ်တာကြောင့် ရွေးကောက်ပွဲကို မြို့ပေါ်မှာသာ ကျင်းပသွားဖို့ ရှိနေပါတယ်။
စစ်အုပ်စုက ကျင်းပတဲ့ အပိုင်း ၃ ရွေးကောက်ပွဲကို ကချင်ပြည်နယ်ထဲက ဗန်းမော်၊ မံစီ၊ မိုးမောက်၊ ရွှေကူနဲ့ ဖားကန့်မြို့နယ်တွေမှာ ကျင်းပဖို့ ပြင်ဆင်ခဲ့ပေမဲ့ ဗန်းမော်၊ မိုးမောက်၊ မံစီတို့မှာ မကျင်းပနိုင်တော့ဘဲ ရွှေကူနဲ့ ဖားကန့်မြို့နယ် ကျေးရွာတချို့မှာသာ ရွေးကောက်ပွဲကျင်းပသွားမှာ ဖြစ်ပါတယ်။
ဥရုရတနာကျောက်စိမ်းတောင်တံတား (ဓာတ်ပုံ)


