
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ ၅ နှစ်တာ ကာလအတွင်း ပြည်သူတွေအဖို့ လူမှုဘဝကျပ်တည်းမှုတွေနဲ့အတူ သောကအပူ ကိုယ်စီပိုက်ထွေးရင်း နိစ္စဓူဝ အချိန်တွေကို ခက်ခဲပင်ပန်းစွာနဲ့ ကျော်ဖြတ်နေကြရပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မိုက်ရူးရဲဆန်စွာ အာဏာသိမ်းလိုက်ချိန်ကစပြီး ပြည်သူတွေ ကြုံတွေ့ရတဲ့ ဒုက္ခဆင်းရဲတွေက မကုန်ဆုံးနိုင်လောက်အောင် ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီ ဆင်းရဲဒုက္ခ ကြုံရသူတွေထဲကမှ နာလန်မထူနိုင်လောက်အောင် အခြေအနေဆိုးနဲ့ ရင်ဆိုင်နေရတဲ့ လူတန်းစားတရပ် ရှိနေခဲ့ပါတယ်။
အဲဒီလူတန်းစားကတော့ နိုင်ငံသားအများစုလို့ ဆိုနိုင်တဲ့ ပြည်တွင်းက လုပ်ငန်းခွင်ထဲမှာ ရုန်းကန်နေကြရတဲ့ အလုပ်သမားတွေနဲ့ ပြည်ပအလုပ်အကိုင် ရွေးချယ်ထားကြသူတွေပဲ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းလိုက်တဲ့အချိန်ကစလို့ သူတို့မှာ စစ်အုပ်စုရဲ့ စောင့်ကြည့် ထိန်းချုပ်မှုနဲ့ ကန့်သတ်ချုပ်ချယ်မှုအောက် ကျရောက်ခဲ့ရတာ ဖြစ်ပါတယ်။
ပြည်တွင်းက အလုပ်သမားတွေအနေနဲ့ အလုပ်ရှင်တွေရဲ့ လုပ်အားအမြတ်ထုတ်မှုနဲ့ အခွင့်အရေး ချိုးဖောက်မှုကို အရင်လို အကာအကွယ်ပေးမဲ့ သမဂ္ဂအဖွဲ့တွေ ဆုံးရှုံးခဲ့ရသလို အလုပ်ရှင်ကို မျက်နှာသာပေးတဲ့ အလုပ်သမားရုံးတွေရဲ့ ဆုံးဖြတ်ချက်ကြောင့် ဖိနှိပ်ခံမှုတွေ ပိုဆိုးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ပြည်ပအလုပ်အကိုင် ရွေးချယ်သူတွေမှာလည်း စစ်အုပ်စုရဲ့ ကန့်သတ်ထိန်းချုပ်မှုတွေကြောင့် တိုင်းတပါးကို ခြေဆန့်ဖို့ မလွယ်ကူတဲ့ ကာလတခု ရောက်ရှိနေခဲ့သလို မဆုံးနိုင်တဲ့ မူဝါဒအပြောင်းအလဲတွေနဲ့ တင်းကျပ်မှုတွေကို ကျောကော့အောင် ခံနေရတာပဲ ဖြစ်ပါတယ်။
ပြည်သူတွေကို လွတ်လပ်ခွင့်မပေးလိုဘဲ ဘက်ပေါင်းစုံကနေ ခြယ်လှယ်ချုပ်ကိုင်တဲ့ အာဏာရှင်စနစ်လုပ်ရပ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရည်ရွယ်ချက် စိတ်ကူးဖြစ်ပြီး ဒါကို အလိုက်တသိ ပုံဖော်ပေးနေတဲ့ နောက်လိုက်ကောင်းတယောက်ကြောင့် အထမြောက်နေတာလည်း ဖြစ်ပါတယ်။
အဲဒီလို အာဏာသိမ်းစစ်ခေါင်းဆောင်အကြိုက် အစီအစဥ်တကျ အကောင်အထည် ဖော်ပေးနေသူကတော့ စစ်ကောင်စီသြဇာခံ အလုပ်သမားဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး ဦးဝင်းရှိန်ပါ။ သူက အာဏာမသိမ်းခင် NLD အစိုးရလက်ထက်မှာ ပြည်ပအလုပ်သမားစေလွှတ်တာနဲ့ ပြည်ပအလုပ်အကိုင်ကိစ္စရပ်တွေကို အဓိက ကိုင်တွယ်ရတဲ့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဖြစ်ပါတယ်။
ဦးဝင်းရှိန်က ပြင်ဦးလွင်စစ်တက္ကသိုလ်ရဲ့ ကျောင်းအုပ်တာဝန် ယူခဲ့ဖူးသလို တပ်မ ၄၄ မှာ တပ်ရင်းမှူးဖြစ်ခဲ့ပြီး စစ်တပ်ထဲမှာ ကျန်ကျောင်းလို့ နာမည်ပြောင်ပေးခံရသူဖြစ်တယ်လို့ သူနဲ့ နီးစပ်ပတ်သက်ခဲ့ဖူးသူတွေက ပြောပါတယ်။
စစ်တပ်ကနေ အငြိမ်းစားယူပြီးတော့ စစ်တပ်ရဲ့ထုံးစံအတိုင်း အရပ်ဘက်ဌာနဖြစ်တဲ့ အလုပ်သမားဝန်ကြီးဌာနကို မိုးကျရွှေကိုယ်အဖြစ် ရောက်သွားခဲ့ပါတယ်။ အလုပ်သမားဝန်ကြီးဌာနရဲ့ ဌာနခွဲတခုပြီးတခုမှာ ပြောင်းရွှေ့တာဝန်ထမ်းခဲ့ပြီး ညွှန်ချုပ်အဆင့်အထိ ရာထူးရရှိခဲ့တာဖြစ်လို့ ပြည်တွင်းအလုပ်သမားအရေးတင်မကဘဲ ပြည်ပအလုပ်သမားစေလွှတ်တဲ့ ကိစ္စရပ်တွေပါမကျန် ထုံးလိုချေ၊ ရေလိုနှောက် သိတဲ့သူတယောက်လို့ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့က သူတွေက ဦးဝင်းရှိန်ကို မှတ်ချက်ပြုကြပါတယ်။
စစ်အုပ်စုရဲ့ အလုပ်သမားဒုဝန်ကြီး ဦးဝင်းရှိန်နဲ့ ပတ်သက်လို့ တရားဝင် ပြုစုဖော်ထုတ်ထားတဲ့ အချက်အလက်တွေက ရှားပါတယ်။ များသောအားဖြင့် သူနဲ့နီးစပ် ပတ်သက်ခဲ့ဖူးတဲ့ သူတွေကတဆင့် အဖြစ်အပျက် အကြောင်းအရာအချို့ကို သိရတာဖြစ်ပြီး ကောင်းတဲ့အချက်ထက် မကောင်းတဲ့သတင်းစကားတွေ ပြန်ကြားသိရတာ များပါတယ်။
ဦးဝင်းရှိန် ညွှန်ချုပ်တာဝန်နဲ့ ရှိခဲ့တုန်းက သူ့လက်အောက်မှာ ညွှန်ကြားရေးမှူးအဖြစ်နဲ့ ရှိတဲ့သူတယောက်ကတော့ စကားအပြောအဆို ကြမ်းပေမဲ့ စိတ်ရင်းကောင်းသူတယောက် ဆိုပြီး ရှားရှားပါးပါး အကောင်းဘက်က မှတ်ချက်ပေးထားတာ ရှိပါတယ်။
ဦးဝင်းရှိန်နဲ့ ပတ်သက်လို့ အတည်ပြုမရဘဲ သူ့အနီးအနားမှာ ရှိခဲ့သူတွေနဲ့ အလုပ်ရှင်၊ အလုပ်သမား ခေါင်းဆောင်ပိုင်းတွေကြားထဲ ပြောဆိုကြလေ့ရှိတဲ့ ဖြစ်ရပ် ၂ ခုလည်း ရှိနေပါတယ်။
ပထမဖြစ်ရပ်က စင်ကာပူကို ညွှန်ချုပ်အဆင့် အစည်းအဝေး သွားတက်ခဲ့တုန်းက ညပိုင်းမှာ အသိမိတ်ဆွေတွေက ဧည့်ခံတဲ့ KTV အခန်းမှာ စားသောက်ရင်း မြန်မာအမျိုးသမီးဝန်ထမ်း တယောက်ကို ဒေါသနဲ့ ကိုယ်ထိလက်ရောက် လုပ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့် စင်ကာပူအစိုးရက ဦးဝင်းရှိန်ကို နိုင်ငံကနေ ပြန်လွှတ်လိုက်သလို အမည်ပျက်စာရင်းသွင်းပြီး ပြည်ဝင်ခွင့်ပါ အပိတ်ခံရတယ်လို့ သတင်းထွက်ခဲ့တာ ဖြစ်ပါတယ်။
နောက်အကြောင်းအရာတခုကတော့ ပြည်ပအလုပ်အကိုင်အေဂျင်စီတချို့က စေလွှတ်ခွင့်ရတဲ့ အလုပ်သမား အရေအတွက်အလိုက် အချိုးကျ ပိုက်ဆံပေးရတာလို့ ပြောတာရှိသလို တချို့က ရှယ်ယာဝင်ထားလို့ အမြတ်ဝေစုခွဲပေးရတာလို့ ဆိုပါတယ်။
စစ်တပ်အရာရှိလည်းဖြစ်ပြီး စစ်တက္ကသိုလ်ကျောင်းအုပ်လည်း ဖြစ်ခဲ့လို့ သူ့ဌာနက ဝန်ထမ်းတွေ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့တွေ၊ အေဂျင်စီအဖွဲ့အစည်းတွေနဲ့တွေ့ရင် စကားအပြောအဆို ကြမ်းပြီး အထက်လူကြီးတွေကိုဆိုရင် ဖားပြီးဆက်ဆံတာမျိုး လုပ်လေ့ရှိတယ်လို့ အနီးကပ်နေဖူးသူတွေက ပြောပါတယ်။
တချိန်က စစ်တပ်မှာ သူ့ထက် အပတ်စဥ်ငယ်တဲ့ ဦးမျိုးအောင်နဲ့ ငွေရပေါက်ရလမ်းရှိတဲ့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရာထူး၊ အမြဲတမ်းအတွင်းဝန်ရာထူး ရဖို့အတွက် အပြိုင်လိုက်လုပြီး ဦးမျိုးအောင်ပဲ ရသွားလို့ ဟန်တောင်မဆောင်နိုင်ဘဲ ဌာနအတွင်း ဝန်ထမ်းတွေအရှေ့မှာ ဒေါသူပုန်ထခဲ့တယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့သူတွေက ပြန်ပြောပြပါတယ်။
အလုပ်သမားအဖွဲ့ချုပ် ခေါင်းဆောင်တယောက်က “စစ်တပ်မှာ သူက ဦးမျိုးအောင်ရဲ့ စီနီယာ ဆိုပေမဲ့ ဌာနမှာ ရာထူးအဆင့်နိမ့်သွားတဲ့အပေါ် မကျေလည်ဘူး။ သုံးပွင့်ဆိုင် တွေ့ဆုံပွဲတွေမှာ ဆိုရင် အများရှေ့မှာတင် လက်ရှိ သူ့ထက်ရာထူးမြင့်တဲ့ ဦးမျိုးအောင်ကို ညီလေးဆိုပြီး သုံးနှုန်း ခေါ်တာမျိုးတွေ တွေ့ရတယ်” လို့ ပြောပါတယ်။
ဦးဝင်းရှိန်က ညွှန်ချုပ်တာဝန်ယူထားတဲ့ အချိန်ကတည်းက ဝန်ကြီးပြောမဲ့မိန့်ခွန်းကို ရေးပေးတာ၊ နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြမဲ့ ဌာနနဲ့ဆိုင်တဲ့ သတင်းအကြောင်းအရာကို သူ့ရဲ့အတည်ပြုချက် ယူရတာမျိုးတွေအပြင် ဝန်ကြီးဌာနအတွင်း အာဏာတည်ဆောက်ထားခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို အာဏာနဲ့ နေရာ မက်မောတဲ့သူကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းပြီး ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့မှာ ဒုတိယဝန်ကြီးတာဝန်ပေးပြီး မြှောက်စားခဲ့သလို လုပ်ပိုင်ခွင့်ပါ ပေးလိုက်တဲ့အတွက် ရေကန်အသင့် ကြာအသင့် ဖြစ်သွားတယ်။ ဦးဝင်းရှိန်က စစ်တပ်ထဲ ရှိနေချိန်ကတည်းက စစ်ခေါင်းဆောင်နဲ့ ခင်မင်ရင်းနှီးခဲ့ကြသူတွေ ဖြစ်တာကြောင့်လည်း အခုလို အခွင့်အရေးပေးတာဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိပါတယ်။
ဒါ့အပြင် ထူးခြားချက်တခုက အာဏာသိမ်းကာလ ၅ နှစ်တာကာလအတွင်းမှာ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနမှာ ပြည်ထောင်စုဝန်ကြီး ၅ ယောက်အထိ ပြောင်းလဲဖြစ်ခဲ့ပေမဲ့ ဦးဝင်းရှိန်က ဒုတိယဝန်ကြီးနေရာမှာ တသမတ်တည်း ရှိနေတာ ဖြစ်ပါတယ်။
ဦးဝင်းရှိန်ကို ပြည်ထောင်စုဝန်ကြီးနေရာ တိုးပေးတာ မရှိဘဲ တခြားသူတွေကို ခေါ်ယူခန့်ထားခဲ့တာဖြစ်ပြီး ဒါက စစ်ခေါင်းဆောင်နဲ့ အရင်ကတည်းက သဘောတူညီထားပြီး ဖြစ်မယ်လို့ သည်အခြေအနေကို သတိထားမိသူတွေက သုံးသပ်ပါတယ်။
ပြည်တွင်းအလုပ်သမားအရေး လှုပ်ရှားသူတယောက်က “မင်းအောင်လှိုင်က သူအာဏာရှိတုန်းမှာ တချိန်က ပတ်သက်ခဲ့ဖူးတဲ့သူတွေကို ပြည်ထောင်စုဝန်ကြီးနေရာ ခေါ်ပေးပြီး မြှောက်စားတဲ့သဘောလို့ ယူဆရတယ်။ ဦးဝင်းရှိန်ကိုတော့ မူလနေရာမှာ ဆက်ထားပြီး လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ ပေးထားတဲ့သဘောပဲ” လို့ ပြောပါတယ်။
ဦးဝင်းရှိန်က အရင်ကတည်းက အလုပ်သမားဝန်ကြီးဌာနမှာ အချိန်ကြာမြင့်စွာ တာဝန်ထမ်းခဲ့ပြီး အာဏာတည်ဆောက်ထားသူဖြစ်လို့ ဌာနအတွင်း လွန်ဆန်နိုင်သူမရှိတဲ့ အခြေအနေတခုကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် အလုပ်သမားရေးရာကိစ္စရပ်တွေကို လေ့လာသင်ယူဖို့ မလိုတော့ဘဲ အတွင်းကျကျ သိထားသူဖြစ်လို့ သူ့စိတ်တိုင်းကျ ကိုင်တွယ်ထိန်းချုပ်နိုင်နေတာ ဖြစ်ပါတယ်။
ပြည်တွင်းအလုပ်သမားအရေးမှာ အလုပ်သမားသမဂ္ဂတွေ ခေါင်းမထောင်နိုင်အောင် လုပ်တဲ့ လုပ်ရပ်မျိုးနဲ့ လုပ်ငန်းခွင်အငြင်းပွားမှု ကိစ္စရပ်တွေကို ဖုံးကွယ်ဖို့လုပ်တဲ့ လုပ်ရပ်တွေက သူ့ရဲ့ အစီအမံတွေပဲလို့ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တခုရဲ့ ခေါင်းဆောင်တယောက်က တထစ်ချ ပြောပါတယ်။
“သူက ဘယ်အလုပ်သမားအဖွဲ့က ဘယ်သူဆိုတာကအစ သိထားတဲ့သူမျိုး၊ ဘယ်သူ့ကို ဘယ်လို ပြောရမလဲ၊ ဘယ်လိုကိုင်ရမလဲ ဆိုတာ နားလည်တယ်။ သူရှိနေသေးသရွေ့ ဘယ် ပြည်ထောင်စုဝန်ကြီးလာလာ မူဝါဒပြောင်းမှာမဟုတ်ဘူး။ အလုပ်သမားအရေးကိစ္စတွေလည်း တိုးတက်ပြောင်းလဲ ဖြစ်လာဖို့ မရှိဘူး။”
ပြည်ပအလုပ်အကိုင် ကိစ္စရပ်မှာလည်း ဦးဝင်းရှိန် ချမှတ်လိုက်တဲ့ ကန့်သတ်ထိန်းချုပ်မှုတွေကြောင့် ရိုက်ခတ်မှုကြီးစွာ ဖြစ်ပေါ်ခဲ့ရပါတယ်။
ပြည်ပရောက်ရင် အာခံဆန့်ကျင်ပြီး တော်လှန်ရေးအင်အားစုတွေဆီ ထောက်ပံ့မှုတွေလုပ်နိုင်တဲ့ တွက်ဆမှုနဲ့ စစ်မှုထမ်းသူမရှိမှာကို စိုးရိမ်တဲ့ စစ်ခေါင်းဆောင်ရဲ့ အပူသောကမီးကို သူ့ရဲ့အစွမ်းအစနဲ့ ငြှိမ်းသတ်ပေးလိုက်တဲ့သဘောမှာ ရှိပါတယ်။
တဖက်မှာတော့ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း မရှာပေးနိုင်တဲ့ စစ်အုပ်စုက ပြည်ပထွက်သွားသူတွေများရင် လုပ်သားအင်အား ဆုံးရှုံးနိုင်တယ်လို့ စကားလှလှသုံးကာ ပြည်ပထွက် အလုပ်လုပ်ခွင့်အပေါ် နည်းမျိုးစုံနဲ့ ထိန်းချုပ်နေခဲ့တာ ဖြစ်ပါတယ်။
အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း ယောကျ်ားလေးတွေ ပြည်ပထွက်လုပ်ခွင့် ပိတ်လိုက်သလို အေဂျင်စီတွေကနေ စေလွှတ်ရမဲ့ လုပ်သားအရေအတွက်ကိုလည်း ကန့်သတ်လိုက်ပါတယ်။
ဒါတင်မကပဲ ခွင့်ပြန်အလုပ်သမားတွေရဲ့ ပြန်လည်ထွက်ခွာခွင့်အပေါ်လည်း ခွင့်ပြုချက်ရမှ ထွက်ရမယ် ဆိုတာမျိုးနဲ့ တင်းကျပ်ထားပြန်ပါတယ်။ အဲဒီလို ကန့်သတ်ထိန်းချုပ်တာအပြင် စစ်အုပ်စုအတွက် နိုင်ငံခြားငွေရအောင် အလုပ်သမားတွေ မိသားစုဆီ တရားဝင်ငွေလွှဲဖို့နဲ့ ဝင်ငွေအခွန်ဆောင်ဖို့ ညွှန်ကြားခဲ့ပါတယ်။
ဒီလိုလုပ်ရပ်တွေက စစ်ခေါင်းဆောင်ကို အကြိုက်တွေ့စေမှာဖြစ်သလို စစ်အုပ်စုအတွက် ရှားရှားပါးပါး နောက်လိုက်ကောင်း ရွေးချယ်တာ မှန်ကန်ခဲ့တယ်လို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တပ်အရာရှိဟောင်းတယောက်က အကြမ်းဖက်စစ်အုပ်စုအပေါ် သစ္စာခံပြီး ချမှတ်လိုက်တဲ့ လုပ်ရပ်တွေရဲ့ နောက်ကွယ်မှာ များစွာသော ပြည်သူတွေအဖို့ ဘဝနဲ့ အနာဂတ်တွေ ကြေမွ ပျက်စီးသွားခဲ့ရပါတယ်။
အဲဒီပြည်သူတွေရဲ့ သောကမျက်ရည်တွေက ခြောက်မသွားသေးဘဲ သမိုင်းသက်သေတခုအဖြစ် ကျန်ရှိမှာဖြစ်သလို သူတို့ရဲ့ရင်ထဲ “တောက်” ခေါက်သံမှာလည်း အာဏာရှင်စစ်အုပ်စုရဲ့ နောက်ဆုံးထွက်သက်အထိ မြည်ဟိန်း ခြောက်လှန့်နေမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီဖြစ်ရပ်တွေရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ ဦးဝင်းရှိန်က စစ်အုပ်စုအတွက် အားကိုးရတဲ့ နောက်လိုက်ကောင်း ပီသခဲ့ပေမဲ့ အလုပ်သမားနဲ့ ပြည်သူတွေအတွက်ကတော့ ရန်သူတယောက်အဖြစ်နဲ့ ရှိနေမှာ သေချာပါတယ်။
မင်းမခ


