Home
မြန်မာသတင်း
ကောလင်းတွင် စစ်ကောင်စီ ဒရုန်းကြောင့် အရပ်သားနှင့်ကာကွယ်ရေးအဖွဲ့ဝင် ၉ ဦး ကျဆုံး
DVB
·
January 21, 2026

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အရှေ့ခြမ်းက ပြည်သူ့ကာကွယ်ရေးစခန်းတခုကို ဇန်နဝါရီ ၂၀ ရက်နေ့မှာ စစ်ကောင်စီတပ် လေကြောင်း၊ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ယောက်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ ယောက် စုစုပေါင်း ၉ ယောက် ကျဆုံးခဲ့တယ်လို့ ဒေသခံနဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ 

မနေ့ နေ့လယ်ပိုင်းမှာ ကောလင်းအရှေ့ခြမ်း ရွှေဘို-မြစ်ကြီးနား လမ်းပေါ်က ပဒုမ္မာရွာနဲ့ ရွာအနီးက ပကဖ စခန်းတစ်ခုကို လေကြောင်းနဲ့ ဗုံးကြဲခဲ့သလို အသေခံ ဒရုန်းအများအပြားနဲ့ပါ တိုက်ခိုက်ခဲ့တာလို့  ဆိုပါတယ်။ 

လေကြောင်း တိုက်ခိုက်မှုထက် အသေခံ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် သေဆုံမှု များသွားတာလို့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တယောက်က DVB ကိုပြောပါတယ်။ 

“မနေ့က နေ့လယ်မှာ PDF တွေ နေတဲ့ နေရာကို လေယာဉ်နဲ့ ဗုံးလာကြဲသွားတာ။ ရွာနဲ့လည်း မီတာ ၁၀၀ အတွင်းမှာဆိုတော့ ရွာထဲက အိမ်တွေ လာမှန်တယ်။ လေယာဉ်နဲ့ လာပစ်တဲ့အချိန်မှာပဲ ဝန်းသိုဘက်က စစ်ကြောင်းထိုးလာတဲ့ စကစတပ်ကနေ အသေခံ ဒရုန်းနဲ့ပါ တိုက်ခိုက်ခဲ့တာ။ လေယာဉ်က အဲလောက်မဟုတ်ဘူး။ အသေခံ ဒရုန်းကြောင့် အဓိက သေဆုံးထိခိုက်ခဲ့ရတာ။”

ကောလင်း အရှေ့ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသလို မနေ့က လေကြောင်း၊ အသေခံဒရုန်းနဲ့ တိုက်ခိုက်လာတာကြောင့် ပဒုမ္မာ၊ ညောင်ပင်သာ၊ သစ်ဆိမ့်ကုန်း၊ ကျောက်တန်း၊ ခံသာ စတဲ့ရွာတွေ အပါအဝင် ရွာပေါင်း ၁၀ ရွာထက်မနည်းက ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ 

မနေ့က ကောလင်းအရှ့ခြမ်းကို စစ်ကောင်စီတပ်က လေကြောင်း၊ အသေခံ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတဲ့ကြားကနေ ကိုယ်လွတ်ရုန်း ထွက်ပြေးတိမ်းရှောင်လာရတာကြောင့် ပြည်သူ အများစုက အဝတ်အထည်၊ ဆောင်နဲ့ စားနပ်ရိက္ခာ အကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလ အစောပိုင်းကတည်းက ဝန်းသိုမြို့ အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၁၂၀) တပ်ရင်းကနေ ကောလင်းမြို့ အရှေ့ခြမ်းက ရွာတွေဘက်ကို အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ တလျှောက်က ရွာတွေက နေအိမ် အများအပြားကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

ဒါ့အပြင် ဇန်နဝါရီ ၁၇ ရက်မှာလည်း တောင်မော်ရွာထဲနဲ့ အနီးတဝိုက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၁၀ ယောက်နဲ့ အရပ်သား ၂ ယောက် စုစုပေါင်း ၁၂ ယောက်ကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013