
စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်ကောင်စီတပ်ဘက်က ထိန်းချုပ်ထားနိုင်တဲ့ မြို့ပေါ် ၅ ရပ်ကွက်နဲ့ ကျေးရွာတချို့မှာပဲ ရွေးကောက်ပွဲ အပိုင်း ၃ လုပ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲ အပိုင်း ၃ ကို ဇန်နဝါရီ ၂၅ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး မော်ဝမ်း၊ အေးမြသာယာ၊ မြို့မ၊ ငှက်ပျောတော၊ မရှီကထောင် ရပ်ကွက်တို့မှာ မဲရုံ ၅ ခုနဲ့ ကာမိုင်းမြို့နယ်ခွဲ၊ ဖားကန်-ကာမိုင်းလမ်းက နန့်ယား၊ ကပ်မှော်စွပ်ကျေးရွာအုပ်စု၊ တနိုင်း-ဖားကန့်လမ်းကြောက ရွာတချို့မှာလည်း ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဖားကန့်မြို့ ဒေသခံတယောက်က “ရွေးကောက်ပွဲကိုတော့ စာသင်ကျောင်းတွေမှာ လုပ်မယ်လို့ သတင်းကြားတယ်။ စစ်ကောင်စီကလည်း စာသင်ကျောင်း ပတ်ချာလည်တွေကော၊ မြို့ပတ်ချာလည်တွေမှာကော တော်တော်လေးကို အင်အားတိုးပြီးတော့ မနေ့ကစ နေရာချတာတွေ ရှိတယ်။ ဒီနေ့ဆိုရင် မဲရုံစောင့် ဆရာ၊ ဆရာမတွေကို ခွဲတမ်းချပြီး ဒီနေ့ကစ မဲရုံမှာ သွားအိပ်ကြပြီ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီဟာ ဖားကန့်မြို့နယ်ထဲက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားသလို စစ်ကောင်စီတပ်တွေလည်း ထိန်းချုပ်တဲ့ ဆိတ်မူကျေးရွာအုပ်စု၊ လုံးခင်းကျေးရွာအုပ်စု၊ နန့်မဖြစ်ကျေးရွာအုပ်စု၊ မှော်ဆီဇာကျေးရွာအုပ်စု၊ ဟောင်ပါးကျေးရွာအုပ်စုတွေမှာတော့ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။
ဒေသခံတယောက်ကလည်း “လက်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေက ဘယ်လိုတုံ့ပြန်မလဲ ဆိုတာတော့ ကျနော်တို့ မသိဘူး။ စစ်ကောင်စီဘက်ကတော့ မြို့ပေါ်မှာ လုံခြုံရေး တင်းတင်းကျပ်ကျပ် လုပ်နေတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ ရှေ့မှာတော့ စစ်ကောင်စီရဲ့ အခွန်ကောက်တဲ့ ဖားကန့်ကျောက်စိမ်းတောင် တံတားထိပ်က ရဲကင်းစခန်းကို ဝင်ပစ်တာတော့ ရှိတယ်။ ဘယ်လိုတုံ့ပြန်လာမလဲ မသိရသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီဟာ ဖားကန့်တမြို့နယ်လုံးမှာ မဲရုံ ၂၅ ရုံခန့်သာ ထားရှိနိုင်မှာဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက် ၃ နေရာသာရှိပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) နဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တို့ ဝင်ပြိုင်ကြမှာဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေရဲ့ စစ်ရေးအခြေအနေကြောင့် ပါတီတွေအနေနဲ့လည်း မဲဆွယ်စည်းရုံးတာကို မြေပြင်ဆင်း မလုပ်ဆောင်နိုင်လို့ အွန်လိုင်းပေါ်ကနေပဲ မဲဆွယ်စည်းရုံးတာတွေ လုပ်ခဲ့ကြရတယ်လို့ သိရပါတယ်။
ဖားကန့်မြို့ပေါ်မှာ ရပ်ကွက် ၆ ခုရှိပြီးတော့ မြို့ပေါ်နေလူဦးရေ ၁၄၀,၀၀၀ ကျော် ရှိသလို မဲပေးခွင့်ရှိသူ မဲဆန္ဒရှင် ၈၀,၀၀၀ ကျော်ရှိတယ်လို့ စစ်ကောင်စီဘက်က ၂၀၂၃ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီဘက်ကတော့ အခုရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၅၆ နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူ (FPTP) မဲဆန္ဒနယ် ၅၆ နယ်ထဲမှာ ကချင်ပြည်နယ် ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ အင်ဂျန်းယန်မြို့နယ် မဲဆန္ဒနယ်တွေ ပါဝင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ဖားကန့် မှော်လှည့်သပိတ်နဲ့ လုံးခင်းသပိတ်အင်အားစုတွေကတော့ စစ်ကောင်စီပြုလုပ်မဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၄ ရက်မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။


