
အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲ အပိုင်း ၂ နဲ့တင် ကြံ့ခိုင်ရေးပါတီနဲ့ ပေါင်းပြီး အစိုးရဖွဲ့နေနိုင်ပြီဖြစ်ပေမဲ့ စစ်ရေးပဋိပက္ခဖြစ်နေတဲ့ မြို့နယ်တွေမှာပါ ရွေးကောက်ပွဲ အပိုင်း ၃ ထဲ ထပ်ထည့်ပြီး ကျင်းပဖို့ စီစဉ်နေပါတယ်။
စစ်တပ်ရဲ့ရွေးကောက်ပွဲ အပိုင်း ၃ ကို ဇန်နဝါရီ ၂၅ ရက်နေ့ မြို့နယ်ပေါင်း ၆၃ ခုမှာ ပြုလုပ်မယ်လို့ကြေညာထားပေမဲ့ မကျင်းပနိုင်တဲ့နယ်မြေတွေကိုထပ်တိုးထုတ်ပြန်နေသလို မြို့နယ်လုံးကျွတ် မဲပုံးထောင်နိုင်ခြေမရှိတဲ့ နေရာတွေလည်း ပါဝင်နေပါတယ်။
ကချင်ပြည်နယ်မှာဆိုရင် ဗန်းမော်၊ မံစီ၊ မိုးမောက်၊ ဖားကန့်၊ ရွှေကူမြို့နယ်တွေမှာ အပိုင်း ၃ ကျင်းပမယ်လို့ ကြေညာခဲ့ပေမဲ့ မိုးမောက်နဲ့ မံစီမှာ မြို့နယ်လုံးကျွတ်မကျင်းပနိုင်ကြောင်းနဲ့ ဗန်းမော်ထဲက ရပ်ကွက် ၁၁ ခုမှာတော့ မဲပုံမထောင်နိုင်ဘူးလို့ ဇန်နဝါရီ ၂၁ ရက်ထုတ် စစ်ကောင်စီ သတင်းစာကနေ ဖော်ပြပါတယ်။
မိုးမောက်နဲ့ မံစီဟာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) ထိန်းချုပ် မြို့နယ်တွေဖြစ်သလို ဗန်းမော်မှာလည်း တိုက်ပွဲတွေပြင်းထန်နေတာပါ။
KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ဖားကန့်မှာလည်း အားလုံး တမြို့လုံးမှာ လုပ်နိုင်ဖို့တော့ အလားအလာတော့ရှိမယ် ကျနော်မထင်ပါဘူး။ တချို့နေရာမှာကတော့ လုပ်ကောင်းလုပ်နိုင်ပါတယ်။ နောက် ဗန်းမော်မှာလည်း ဒီအတိုင်းပါပဲ။ ရွှေကူကတော့ လောလော ဆယ်ကတော့ ကျနော်တို့ KIA နဲ့ တော်လှန်ရေးအဖွဲ့တွေထိန်းချုပ်နိုင်တဲ့ အနေအထားလောက်တော့ မရှိပါဘူး။ ကျနော်တို့ မထိန်းချုပ်နိုင်သော်လည်းပဲ အေးအေးဆေးဆေးလုပ်နိုင်ဖို့ဆိုတာကတော့ အခက်ခဲရှိပါတယ်။ လုံခြုံမှုကတော့ မရှိဘူး။ အများပိုင်းကတော့ သူတို့လုပ်နိုင်တဲ့နေရာမှာလုပ်ပြီးမှ တမြို့နယ်လုံးရဲ့မဲပြားတွေကို လိမ်ပြီးမှ အားလုံးပြည်သူလူထုတွေ ထည့်ကြပါတယ်ဆိုပြီးမှ မဲလိမ်ဖို့ အစီအစဉ်များရှိသလားပေါ့နော်။ ကျနော်ကတော့ အဲဒီလိုပဲ သုံးသပ်ပါတယ်”လို့ ပြောပါတယ်။
အလားတူ ကရင်ပြည်နယ်မှာဆိုရင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တနင်္သာရီတိုင်းမှာဆိုရင်လည်း စစ်ကြောင်းထိုးမှုနဲ့ တိုက်ပွဲတွေရှိနေတဲ့ လောင်းလုံး၊ သရက်ချောင်း၊ ပုလောမြို့နယ်တွေမှာ အပိုင်း ၃ ပြုလုပ်မယ်လို့ကြေညာထားပါတယ်။
စစ်ကိုင်းတိုင်းထဲမှာတော့ ကနီနဲ့ ဆားလင်းကြီးမြို့နယ်တွေမှာ ရွေးကောက် ပွဲပြုလုပ်ဖို့စီစဉ်နေပါတယ်။ ဒါပေမဲ့ စစ်တပ်က ကနီမြို့ထဲကိုတောင် လေကြောင်းကနေ ရိက္ခာချပေးနေရပြီး ဆားလင်းကြီးဘက်မှာလည်း တရုတ်စီမံကိန်းနဲ့ မြို့ပေါ်လောက်သာ မဲပုံးထောင်နိုင်မဲ့ အခြေအနေရှိတယ်လို့ မြို့ခံ ရပ်မိရပ်ဖတယောက်က ပြောပါတယ်။
ကနီမြို့ခံ ရပ်မိရပ်ဖတယောက်က“ ကနီမှာက ကျေးရွာအုပ်စု ပြည်ထဲရေးအမည်ပေါက် ၁၈၃ စုရှိတယ်။ အမည်မပေါက်ဘူးဆို ၁၉၀ ကျော်လောက်ရှိတယ်။ အခုမြို့ပေါ်မှာရှိတဲ့ လူအင်အား ၃၀၀ လောက်ဆိုတာက တရပ်ကွက်စာမှ မရှိတာကို။ တရပ်ကွက်ကို လူပေါင်းကထောင်ချီနေတာကို။ ဆိုတော့ လူဦးရေ ၁ သိန်း ၆ သောင်း၊ ၇ သောင်းလောက်ရှိတဲ့မြို့နယ်မှာ လူ ၃၀၀ လောက်နဲ့ကျင်းပမယ့်ရွေးကောက်ပွဲပေါ့။ ပြီးခဲ့တဲ့ပွဲ (၂၀၂၀ ရွေးကောက်ပွဲ) တုန်းကလည်း မဲပေးခွင့်ရှိသူ ၇ သောင်း ကျော်လောက်ရှိတယ်။ အဲထဲကနေပြီးမှ ရွေးကောက်ပွဲမှာပါဝင်ပြီးမှ မဲပေးကြမယ့်ပုဂ္ဂိုလ်က ၃၀၀ မပြည့်ပါဘူး။ အလွန်ဆုံးပေါ့ လက်ရှိ လုံခြုံရေးယူထားတဲ့ ပုဂ္ဂိုလ်တွေရောပါမှ အဲလောက်ပဲရှိမှာ”လို့ ပြောပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၃ ထဲပါဝင်တဲ့ ပဲခူးတိုင်းထဲက ကျောက်ကြီး၊ ကျောက်တံခါး၊ ဖြူး၊ အုတ်တွင်းနဲ့ အုတ်ဖို၊ ဧရာဝတီတိုင်းထဲက ရေကြည်၊ အင်္ဂပူ၊ လေးမျက်နှာ၊ မန္တလေးတိုင်းထဲက မလှိုင်၊ တောင်သာ၊ မြင်းခြံ၊ ငါန်းဇွန်ဝန်းကျင်တွေမှာလည်း အခုလပိုင်း စစ်ရေးတင်းမာမှုတွေရှိနေပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ ပြုလုပ်ခဲ့တဲ့ မြို့နယ်ပေါင်း ၂၀၂ မြို့နယ်ရဲ့ရလဒ်တွေမှာတင် ကြံ့ခိုင်ရေးနဲ့ စစ်တပ်ပေါင်းပြီး အစိုးရဖွဲ့နိုင်လောက်တဲ့ ပမာဏရှိနေချိန် စစ်တပ်က ဘာကြောင့် မထိန်းချုပ်နိုင်တဲ့ နယ်မြေတွေကို အပိုင်း ၃ ထဲ ထည့်ထားရတာပါလဲ။
အတိုက်အခံပါတီမရှိတဲ့ရွေးကောက်ပွဲကို နိုင်ငံတဝက်လောက်ပဲပြုလုပ်နိုင်တယ်လို့ ဝေဖန်ကြ တာကြောင့် နိုင်ငံတကာကိုပြန်ချေပစရာစကားတခုရနိုင်ဖို့အတွက် အခုလိုပြုလုပ်နေတာဖြစ်တယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ ကိုထင်ကျော်အေးက ထောက်ပြပါတယ်။
“သူတို့လုပ်ဖို့ခက်တဲ့မြိုနယ်တွေကို မလုပ်တော့ဘူးလို့၊ ရပ်ဆိုင်းလိုက်မယ်ဆိုရင် အဓိက ရည်မှန်းချက်ဖြစ်တဲ့ အစိုးရဖွဲ့နိုင်လို့ မလုပ်တော့ဘူးဆိုတာမျိုး ပိုပြီးပေါ်လွင်သွားစေနိုင်တယ် ပေါ့နော်။ အဲဒီအတွက်တော့ သူတို့က အဲလိုမျိုးတော့လုပ်မှာမဟုတ်ဘူး။ ဒီရွေးကောက်ပွဲက နိုင်ငံလုံးအနှံ့ မြို့နယ်အများစုမှာ မြို့နယ် ၂၆၀ ကျော်မှာ လုပ်နိုင်တယ်ဆိုတာမျိုးကို သူတို့ကမ္ဘာကိုပြချင်တဲ့ ပြနိုင်တဲ့ဟာမျိုးပေါ့နော်။”
ဒါကြောင့် စစ်တပ်က ရွေးကောက်ပွဲ အပိုင်း ၁ ထဲ တချို့မြို့တွေမှာလုပ်ခဲ့သလို တပ်မဲရုံတွေမှာမဲပေးပြီး ရလဒ်သတ်မှတ်တာကို ထပ်ပြီးလုပ်လာနိုင်တယ်လို့ သူကဆိုပါတယ်။
နယ်မြေမစိုးမိုးနိုင်တဲ့နေရာတွေကို ကျင်းပမဲ့ မြို့နယ်ထဲထည့်တာဟာ စစ်ရှုံးနေတဲ့အခြေအနေကို ဖုံးကွယ်ချင်တာကြောင့်ပါတယ်လို့ စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီး၊ ကိုဇင်ယော်ကလည်း ထောက်ပြပါတယ်။
“ဒါသူတို့ ဝါဒဖြန့်ဖို့နိုင်ငံရေးထွက်ပေါက်တခုလို့ပဲ ကျနော်တို့ကတော့ယူဆတယ်ပေါ့နော်။ သူတို့ရဲ့ စစ်ရှုံးနေတဲ့အနေအထားမျိုးတွေကို သူတို့က အကာအကွယ် ယူချင်လို့ ရွေးကောက် ပွဲလုပ်နိုင်တဲ့ နေရာတွေကို တချို့တွေ မဖြစ်နိုင်မှန်း၊ ရုပ်ပျက်ဆင်းပျက် ဖြစ်တဲ့အနေအထားမျိုးတွေကိုလည်း သူတို့က Cover လုပ်သွားတဲ့ အနေအထားမျိုးလို့ပဲ ကျနော် ကတော့ ယူဆပါတယ်ခင်ဗျ။”
ဒီအချက်တွေကြောင့်ပဲ စစ်တပ်ဩဇာခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က လုံခြုံရေးအကြောင်းပြပြီး တစိတ်တပိုင်းဖြစ်စေ၊ တမြို့နယ်လုံးကိုဖြစ်စေ ရွေးကောက် ပွဲဖျက်သိမ်းပိုင်ခွင့်ရှိနေတဲ့အတွက် မဲရုံလုံးဝ မဖွင့်နိုင်တဲ့အခါမှသာ မကျင်းပနိုင်ကြောင်း ထပ်တိုးကြေညာလိမ့်မယ်လို့ လေ့လာသူတွေက ထောက်ပြ ကြပါတယ်။
စိုးသူအောင်


