
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ စစ်ကောင်စီက ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပဖို့ ပြင်ဆင်နေပြီး အနီးပတ်ဝန်းကျင်ရွာတွေကိုလည်း စစ်တပ်က စစ်ကြောင်းထိုးတာ၊ ရွေးကောက်ပွဲမှာ အသုံးပြုဖို့ ကားတွေကို ချောဆွဲတာတွေ လုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇန်နဝါရီ ၂၅ ရက်မှာ ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီဟာ မလှိုင်မြို့ နယ်ထဲက ခရီးသည်တင်လိုင်းကားတွေ၊ လူမှုရေးအသင်းကားတွေ၊ ဘုန်းကြီးကားတွေနဲ့ အိမ်စီးကားတွေကို ချောဆွဲထားပြီး ရွေးကောက်ပွဲမှာ အသုံးပြုဖို့ ပြင်ဆင်နေသလို မြို့ပတ်ဝန်းကျင်ရွာတွေကိုလည်း စစ်ကြောင်း စထိုးနေတယ်လို့ ဆိုပါတယ်။
လူထုသတင်းကွန်ယက် မလှိုင် တာဝန်ရှိသူက" ချောဆွဲထားတဲ့ ကားအရေအတွက်က များတယ်။ အရေအတွက် အတိအကျတော့ မသိရသေးဘူး။ မဲရုံတွေအတွက်ကော လုံခြုံအတွက်ပါ အသုံးပြုမယ်လို့ သိရတယ်။"လို့ DVB ကိုပြောပါတယ်။
အဲဒီကားတွေကို ဒီနေ့ ဇန်နဝါရီ ၂၂ ရက်မှာ မလှိုင်မြို့ ရွှေမုဋ္ဌောဘုရားကြီးထဲ သိမ်းဆည်းထားပြီး ဇန်နဝါရီ ၂၅ ရက်အထိ အသုံးမယ်လို့လည်း သိရပါတယ်။
ဒေသခံတွေရဲ့ပြောဆိုချက်အရ မဲရုံတရုံမှာ ချောဆွဲထားတဲ့ ကားတစီးနှုန်းအသုံးပြုဖို့ရှိနေပြီး ဒီနေ့ကစလို့ ဇန်ဝါရီ ၂၅ ရက်အထိ ခရီးသည်တင်ကားတွေကိုလည်း ရပ်နားထားရမယ်လို့ စစ်ကောင်စီဘက် အမိန့် ထုတ်ထားပါတယ်။
ဒေသခံတယောက်က"အရင်ရက်တွေကတော့ စစ်ကြောင်းသွားဖို့၊ ဝင်လာဖို့အတွက် ၁၂ ဘီးကားနဲ့ ကန်တာကား၊ ဖောကားတွေကို ချောဆွဲအသုံးပြုတာရှိတယ်။ မဲရုံအတွက်က ဒီနေ့နံနက်မှ လှိုင်ရွှေဝါမှန်လုံကား၊ လူမှူရေးအသင်းကား၊ ဘုန်းကြီးကား၊ ပြည်သူပိုင်ကားတွေကို စယူနေတာ။ ခရီးသည်တင်ကားတွေ မထွက်ရဘူးဆိုတာက သူတို့က မြို့ပေါ်က ခရီးသွားလိုင်းကား အသေးတွေ အကုန်ချောဆွဲထားပြီလေ။ ၂၆ ရက်နေ့မှ ပြန်ပြေးဆွဲခွင့်ပြုမှာ"လို့ ပြောပါတယ်။
အဲဒီကခရီးသည်တင် လိုင်းကားအသေးတွေဟာ မန်းလေး - ပြင်ဦးလွင် - မိတ္ထီလာ မြို့တွေကိုပြေးဆွဲတာ ဖြစ်ပြီး လက်ရှိအချိန်ထိတော့ လမ်းတွေကို ပိတ်တာ မရှိသေးဘူးလို့ သိရပါတယ်။
မလှိုင်မှာ ရွေးကောက်ပွဲပြင်နေတဲ့ စစ်ကောင်စီဟာ မနေ့ကစလို့ ကုန်းတဲကျေးရွာကို အင်အား ၅၀ လောက်နဲ့ စစ်ကြောင်းထိုးဝင်လာပြီး ဒီနေ့မနက် အစောပိုင်းမှာ လယ်ကြီးကျေးရွာကို ဝင်ရောက်သွား တာကြောင့် ကုန်းတဲတောင်၊ ကုန်းတဲမြောက်နဲ့ ကျင်းသာရွာက ဒေသခံတွေ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။


