
နယူးဇီလန်နိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို လာမဲ့ နိုဝင်ဘာ ၇ ရက်နေ့ ကျင်းပမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် ခရစ္စတိုဖာလတ်ဆန်က ကြေညာပါတယ်။
ကမ္ဘာကြီးက မတည်ငြိမ်မှုနဲ့ အပြောင်းလဲမြန်တဲ့အချိန်မှာ တည်ငြိမ်မှုနဲ့အားကောင်းတဲ့ အစိုးရကို နယူးဇီလန်နိုင်ငံသားတွေက ရွေးချယ်ဖို့ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ ခရစ္စတိုဖာလတ်ဆန်က ဇန်နဝါရီ ၂၁ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
လေကြောင်းလိုင်း အမှုဆောင်အဖြစ်ဆောင်ရွက်ခဲ့တဲ့ ခရစ္စတိုဖာလတ်ဆန်ဟာ ဝန်ကြီးချုပ်ဟောင်း ဂျာစင်ဒါအာဒန် နောက်ပိုင်း ပထမဆုံးရွေးကောက်ခံခေါင်းဆောင်ဖြစ်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ဝန်ကြီးချုပ်ဖြစ်ခဲ့တာပါ။
ဒါပေမဲ့ သူ့အစိုးရလက်ထက်မှာ နယူးဇီလန်နိုင်ငံ စီးပွားရေး ကျဆင်းမှုကြောင့် သူ့ကို လူကြိုက်များမှု လျော့ကျခဲ့ပါတယ်။
နယူးဇီလန်နိုင်ငံမှာ နေထိုင်စရိတ် ကြီးမြင့်မှု၊ အိမ် မဝယ်ယူနိုင်မှုနဲ့ အလုပ်လက်မဲ့နှုန်းလည်း ၅ ရာခိုင်နှုန်း အထိ ပိုများလာပါတယ်။
နယူးဇီလန်နိုင်ငံမှာ ၂၀၂၃ ခုနှစ်ကစပြီး လတ်ဆန်ရဲ့ နေရှင်နယ်ပါတီ၊ နယူးဇီလန်ပထမပါတီနဲ့ ACT စတဲ့ ပါတီအသေးတွေ ပေါင်းပြီး ညွှန့်ပေါင်းအစိုးရဖွဲ့ခဲ့တာဖြစ်ပါတယ်။ မဲပေးထင်ကြေးပေးမှု တွေအရ နေရှင်နယ်ပါတီဦးဆောင်တဲ့ ညွှန့်ပေါင်းအစိုးရအဖွဲ့နဲ့ လေဘာပါတီဦးဆောင်မှုတို့ အပြိုင်ဖြစ်ဖွယ် ရှိပါတယ်။
လတ်ဆန်ရဲ့ ပါတီကတော့ ဘဏ်လုပ်ငန်းတွေ ပြန်အားကောင်းပြီး စီးပွားရေး ပြန်ကောင်းလာမယ်လို့ ကတိပေး မဲဆွယ်နေပါတယ်။
လတ်ဆန်က “ကျနော်တို့ တာဝန်စယူတဲ့အချိန်တုန်းက အခြေအနေတွေကို ပြောင်းလဲဖို့ ခက်တယ်ဆိုတာ သိခဲ့ပါတယ်။ ဒါပေမဲ့ ၂ နှစ်ကြာပြီးတဲ့နောက် အခြေခံအချက်တွေ ပြင်ဆင်ဖို့ ကျနော်တို့ အလုပ်တွေ အရမ်းလုပ်ခဲ့ကြပါတယ်။ လက်ရှိနိုင်ငံရဲ့ အခြေအနေက မှန်ကန်တဲ့ဘက်ကို ဦးတည်နေပါတယ်။ ကျနော်တို့ရဲ့ ပါတီက အနာဂတ်တည်ဆောက်မှုတွေကို အာရုံစိုက်ထားပါတယ်”လို့ ပြောပါတယ်။
နယူးဇီလန်နိုင်ငံ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၇ ရက်မှာ ကျင်းပမှာ ဖြစ်ပြီး ဒီဇင်ဘာ ၁၉ ရက်မှာ အဆုံးသတ်မှာဖြစ်ပါတယ်။
Source:Reuters


