
အာဏာသိမ်း စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲလုပ်ငန်းတွေ ပျက်ပြားအောင် ကျူးလွန်သူ အယောက် ၄၀၀ ကျော်ကို ဖော်ထုတ်အရေးယူခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
ဇန်နဝါရီ ၂၀ ရက်က ပြုလုပ်တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီရဲ့ သတ္တမအကြိမ် အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောဆိုခဲ့တာပါ။
ပြည်ထောင်စုနယ်မြေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၉ ရက်အထိ ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေအရ အရေးယူခဲ့တာ ၃၃၁ မှုရှိပြီး တရားခံ အမျိုးသား ၃၂၄ ယောက်၊ အမျိုးသမီး အယောက် ၈၀၊ စုစုပေါင်း ၄၀၄ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
နောက်ထပ် ရွေးကောက်ပွဲလုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ လုပ်ဆောင်မှုတွေ၊ ဝါဒဖြန့်မှုတွေ ကျူးလွန်နေသူတွေကို စုံစမ်းဖော်ထုတ်အရေးယူတာတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောပါတယ်။
ရွေးကောက်ပွဲကို ဝေဖန်ရုံ၊ လူမှုကွန်ရက်ကနေ Like နဲ့ Share လုပ်ရုံနဲ့ ဖမ်းဆီးထောင်ချနေတာဟာ ၂၀၀၈ ဖွဲ့စည်းပုံပါ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခွင့်အရေးကို ချိုးဖောက်ရုံမက စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှု မရှိတာ ထင်ရှားပေါ်လွင်နေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၂ ပိုင်းမှာ နှောင့်ယှက်ဖျက်ဆီးတာတွေ ရှိခဲ့ပေမဲ့ မဲပေးသူတွေအနေနဲ့ လွတ်လပ်ပြီး ဆန္ဒအလျောက် တက်တက်ကြွကြွနဲ့ မဲလာပေးခဲ့ကြပြီး ရွေးကောက်ပွဲအပိုင်း ၁ မှာ မဲလာပေးသူ ၅၂ ဒသမ ၁၃ ရာခိုင်နှုန်း၊ အပိုင်း ၂ မှာ ၅၅ ဒသမ ၉၅ ရာခိုင်နှုန်းထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရ ထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။


