
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ မြောက်ပိုင်းနဲ့ မြဝတီမြို့တောင်ဘက် ဖလူးဒေသမှာ စစ်ကောင်စီတပ်နဲ့ KNLA, PDF ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းနဲ့ လက်နက်ကြီးတွေကိုပါ အသုံးပြု တိုက်ခိုက်နေတယ်လို့ မြေပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ဇန်နဝါရီလ ၁၆ ရက်နေ့ကနေ ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီတပ်က အခုလို စစ်ကြောင်းထိုးလာတာဟာ ကော့ကရိတ်မြို့မြောက်ပိုင်းက အောက်ဘိုတဲနဲ့ နောင်ကိုင်းလမ်းပိုင်း ကျေးရွာတွေကို ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပမယ့် နယ်မြေတွေထဲ ပါဝင်နေတာကြောင့် ဆိုပါတယ်။
မြေပြင်တော်လှန်ရေးတပ်ဖွဲ့တခုကို ထောက်ပံ့ရေးပြုလုပ်နေသူတယောက်က “မြဝတီမြို့ တောင်ဘက် ၁၀ မိုင်လောက် အကွာ ဖလူးဒေသမှာလည်း ဒီကနေ့ မနက်ပိုင်းအထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာ” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ် မြေပြင်ထိုးစစ်မဆင်နိုင်ဘဲ အဝေးက လက်နတ်ကြီးပစ်တာတွေ လေကြောင်းက ဗုံးကြဲတာတွေ လုပ်နေတာလို့ ဆိုပါတယ်။
မဲဆောက်မြို့နေထိုင်သူတယောက်ကလည်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ထိကို စက်သေနတ်သံတွေ၊ လက်နက်ကြီးသံတွေကို ဇန်နဝါရီ ၂၀ ရက်နေ့ ဒီကနေ့ မနက်ပိုင်းအထိ ကြားနေရတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ လေးကေ့ကော်မြို့သစ်ကို စစ်တပ်က ပြန်လည် ထိန်းချုပ်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ ဖလူးဒေသဘက်ကို ဆက်လက် ထိုးစစ်ဆင်နေတာဖြစ်ပြီး ၄လ နီးပါးကြာတဲ့အထိ စစ်ကောင်စီက အင်အာဖြည့်တင်းနေပြီး ရွေးကောက်ပွဲကြောင့်လည်း စစ်တပ်ကနေ စစ်ရေးအရှိန်မြင့် လုပ်ဆောင်နေတာလို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Poto. FPZ


