စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၉ ရက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် သေဆုံးကာ လူနေအိမ်နဲ့ ပြည်သူပိုင်ပစ္စည်းတချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပအဖ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
“ဒီပဲယင်းရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ စိုင်ပြင်မြို့ထဲကို နေ့လယ် ၁၂ နာရီလောက်မှာ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ပထမအကြိမ် လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်သွားပါတယ်။ ည ၁၁ နာရီလောက်မှာတော့ ဒီပဲယင်းမြို့ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ပျံကျရွာထဲကို မိတ္ထီလာလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဒုတိယမြောက် လေကြောင်းတိုက်ခိုက်မှု ၁ ကြိမ် ထပ်မံပြုလုပ်သွားတာပါ။ လေကြောင်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်တွေထဲမှာ ပြည်သူ ၂ ယောက် သေဆုံးပြီး ပြည်သူပိုင်အိမ်တွေနဲ့ တခြားပစ္စည်း အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။ သေဆုံးသူတွေရဲ့ ကိုယ်ရေးအချက်တွေကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။”
လေကြောင်းတိုက်ခိုက်ခံရတာကြောင့် စိုင်ပြင်မြို့က အသက် ၅၀ ကျော် ဒေသခံအမျိုးသားတယောက် နေရာမှာတင် သေဆုံးပြီး ကျန်အမျိုးသားတယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့သလို ပျံကျကျေးရွာ လေကြောင်းတိုက်ခိုက်မှုခံရတဲ့ ဖြစ်စဥ်မှာတော့ ဒေသခံအမျိုးသမီးတယောက် ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီပဲယင်းမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က “ပထမဂျက်ဖိုက်တာက စိုင်ပြင်မြို့ထဲကို ဗုံး ၃ လုံး ကြဲတယ်။ ဒုတိယဂျက်ဖိုက်တာက ပျံကျရွာထဲကို ဗုံးတလုံး ထပ်ကြဲတယ်။ ပြောချင်တာက အဲဒီနေရာတွေမှာ တိုက်ပွဲဖြစ်နေတာ မရှိဘူး။ တခြား ဘာသတင်းရလို့ လာကြဲတာလည်းတော့ မသိဘူးပေါ့ဗျာ” လို့ DVB ကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု မကြာခဏခံနေရတဲ့ ဒီပဲယင်းမြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့ လေကြောင်းရန် ကာကွယ်ရေးအစီအမံတွေကို အထူးပြုလုပ်နေထိုင်ကြဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေတဲ့ လေကြောင်းအန္တရာယ် သတိပေးချက်တွေကို အစဥ်တစိုက် လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၅ ရက်ကလည်း ဒီပဲယင်းမြို့ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းရှိ ကျေးရွာတွေကို တရက်တည်း လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာကြောင့် ပြည်သူ ၂၀ ထက်မနည်း သေဆုံးကာ ပြည်သူပိုင်ပစ္စည်းတွေလည်း အများအပြား ပျက်စီးဆုံးခဲ့ပါတယ်။





