
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အောင်ချမ်းသာရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၈ ရက် မနက်မှာ ဝင်ရောက်ပြီး အရပ်သား ၃ ယောက်အား သတ်ဖြတ်ကာ လူနေအိမ် ၂ လုံးကို မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချောင်းဦးမြို့အတွင်း ကင်းလှည့်နေတဲ့ စစ်သားတွေက မနက် ၆ နာရီလောက်မှာ ချောင်းဦးမြို့ကနေ ထွက်လာပြီး ၉ နာရီလောက်မှာတော့ အောင်ချမ်းသာရွာက အရပ်သားတွေကို သတ်ပြီး အိမ်တွေကို မီးရှို့ခဲ့တာပါ။
ချောင်းဦးဒေသခံတယောက်က “အသတ်ခံရတာက အသက် ၅၀ ဝန်းကျင် ဒေါ်လှသွယ်တို့ လင်မယား ၂ ယောက်နဲ့ ဦးအောင်သူတို့ ဖြစ်ပါတယ်ဗျ။ အရပ်သားတွေပါပဲ။ သူတို့ သတ်ချင်လို့ကို သတ်တာလို့ပဲ ပြောရမယ်။ နောက်ပြီး ရွာထဲက လူနေအိမ် ၂ လုံးလည်း မီးရှို့သွားတယ်” လို့ ပြောပါတယ်။
အောင်ချမ်းသာရွာဟာ ချောင်းဦးမြို့ရဲ့အနောက်ဘက်ကပ်လျက်မှာရှိပြီး အိမ်ခြေ ၁,၀၀၀ ကျော်ရှိတဲ့ ရွာကြီးဖြစ်တယ်လို့လည်း သိရပါတယ်။
ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တယောက်က “လူ ၃ ဦးသတ်တာတင်မကဘူး။ ဘုန်းကြီးကျောင်း ၃ ကျောင်းက ဘုန်းကြီးတွေပါ ဖမ်းသွားတာ။ ဘာလို့ဖမ်းတာလဲဆိုတော့ သူတို့ ငွေညှစ်ရအောင်လို့ ဖြစ်မယ်။ အဲဒီရွာက ချောင်းဦးမြို့နဲ့လည်း နီးတော့ ဘယ်ရွာသူရွာသားကမှ PDF မလုပ်ရဲကြဘူး။ သူတို့ စိုးမိုးနယ်မြေလို့တောင် ပြောလို့ရတယ်” လို့ ပြောပါတယ်။
အောင်ချမ်းသာရွာ မြောက်ကျောင်း၊ ရွာလယ်ကျောင်းနဲ့ အနောက်ကျောင်းက ဘုန်းကြီးတွေအား ချောင်းဦးမြို့ပေါ်ကို ဖမ်းဆီးခေါ်သွားတယ်လို့ သိရပြီး ဘယ်နှပါး ဖမ်းဆီးခံရတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့ကလည်း အောင်ချမ်းသာရွာက ပြည်သူ ၄၀ ကျော်နဲ့ ဘုန်းတော်ကြီးတွေကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး ငွေညှစ်ပြီးနောက် ပြန်လွှတ်ပေးခဲ့ပါတယ်။


