
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေကျေးရွာကို ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင် အမျိုးသမီး ၂ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် ၂ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၁၈ ရက် မနက်စောစော ၁၂ နာရီကျော်မှာ စစ်တပ်က ဂျက်တိုက်လေယာဉ်တစီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျောက်ကလေကျေးရွာမှာ စစ်ဘေးရှာင်နေသူတွေ ထိခိုက် သေဆုံး ဒဏ်ရာရရှိခဲ့ကြတာပါ။
ကျောက်ဖြူဒေသခံအမျိုးသားတယောက်က “လေကြောင်းတိုက်ခိုက်မှုဖြစ်တာကတော့ ၁၈ ရက်နေ့ မနက်စောစောပိုင်းလို့ ပြောရမယ်။ ညဉ့် ၁၂ နာရီကျော် လူတွေ အိပ်မောကျနေချိန်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာတစီးနဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာ။ လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်ဘေးရှောင်အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီးတော့ နောက်ထပ်အမျိုးသမီး တဦးနဲ့ အမျိုးသားတဦးလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့တာရှိတယ်။ စစ်ကောင်စီက တချိန်တည်းမှာပဲ အသေခံဒရုန်းတွေ၊ ရေတပ်ကနေ လက်နက်တွေနဲ့ ကျောက်ကလေကမ်းခြေကို တိုက်ခိုက်ခဲ့တာ ရှိတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေနဲ့ ဒဏ်ရာရရှိသွားသူတွေမှာ ကျောက်ဖြူမြို့နယ်၊ မင်းတပ်တောင်ရွာက ဒေါ်ခိုင်စန်းဦး (၃၉ နှစ်)နဲ့ ရေနံတောင်(ပိန္နဲတောင်)ရွာက ဒေါ်စံရွှေ (၄၁နှစ်) ဖြစ်ပြီး၊ ဒဏ်ရာရသွားသူတွေကတော့ ရေနံတောင်(ပိန္နဲတောင်)ရွာက ဒေါ်အောင်မြနု (၉၅ နှစ်)နဲ့ ဦးမောင်တင်ဝင်း (၅၉ နှစ်) တို့ ဖြစ်ကြပါတယ်။
စစ်တပ်က လေကြောင်းတိုက်ခိုက်ပြီး မိနစ်အတွင်းမှာပဲ ကျောက်ကလေကျေးရွာရဲ့ ပင်လယ်ကမ်းစပ် နေရာတွေကို အသေခံဒရုန်းနဲ့ ဗုံး ၄ လုံး ကြဲချခဲ့သလို ရေတပ်ကလည်း လက်နက်ကြီး ၄ လုံးပစ်ခတ်တိုက်ခိုက်ခဲ့လို့ နောက်ထပ် နွား ၈ ကောင်လည်း သေဆုံးသွားခဲ့တယ်လို့ ကျောက်ဖြူဒေသခံတွေကပြောပါတယ်။
ဇန်နဝါရီ ၁၄ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ သဖန်းချောင်းရွာကို ရေတပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်လင်မယား ၂ ယောက် သေဆုံးခဲ့ပါတယ်။
ကျောက်ဖြူမြို့နယ်မှာ စစ်တပ်နဲ့ အာရက္ခတပ်တော်တို့အကြား အပြန်အလှန်ထိုးစစ်တွေ ဆင်နေကြတာ ဖြစ်ပြီး တိုက်ပွဲတွေပြင်းထန်နေတာကြောင့် စစ်တပ်က အရပ်ဘက်ပစ်မှတ်တွေကို ဆက်တိုက်ဆိုသလို တိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီရဲ့ အမှတ် (၃၂) ရဲတပ်ရင်းနဲ့ ဓညဝတီရေတပ်ဌာနချုပ်တို့ကို အာရက္ခတပ်တော်က ဇန်နဝါရီ အစောပိုင်းကတည်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ စစ်ကောင်စီကလည်း သိုင်းချောင်းနဲ့ မင်းပြင်ပတ်ဝန်းကျင်ကို ပြန်လည်ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


