
ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို မဖြစ်မနေ မဲထည့်ကြဖို့ကို ရပ်ကွက်နဲ့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေက တအိမ်တက်ဆင်း ဖိအားပေး ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လာမဲ့ ဇန်နဝါရီ ၂၅ ရက်လုပ်မယ့် ရွေးကောက်ပွဲအပိုင်း ၃ မှာပါတဲ့ ဧရာဝတီတိုင်းထဲက မော်လမြိုင်ကျွန်းမြို့နယ်က စစ်ကောင်စီခန့် ရပ်ကွက်နဲ့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေက အရပ်သားတွေ မဖြစ်မနေ မဲလာထည့်ကြဖို့ တအိမ်တက်ဆင်း လိုက်လံ ဖိအားပေးစည်းရုံးနေတာလို့ ဆိုပါတယ်။
မော်လမြိုင်ကျွန်းဒေသခံတယောက်က “မဲပေးရမယ့်နေ့မှာ မဲစာရင်းမှာပါတဲ့သူတွေအားလုံး မဖြစ်မနေ မဲထည့်ဖို့ ပြောတယ်။ မဲထည့်ရမယ့် ပြည်သူတွေရဲ့ စာရင်းတွေက အုပ်ချုပ်ရေးမှူးတွေဆီမှာ ရှိပြီးသားပေါ့နော်။ စာရင်းရှိပြီး မဲလာမထည့်ကြရင်တော့ အဆင်မပြေဘူး။ မဲက သွားမထည့်လည်း စစ်တပ်နဲ့ အဆင်ပြေတဲ့ကြံ့ဖွံ့ပါတီက နိုင်ပြီးသားပါ” လို့ ပြောပါတယ်။
အရပ်သားတွေ မဖြစ်မနေ မဲထည့်ကြဖို့ အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေက ဖိအားပေးစည်းရုံးနေတဲ့အပြင် မဲပေးဖို့ ပျက်ကွက်သူမရှိစေဖို့ မဲစာရင်းအမှတ်စဉ်စာရွက်တွေကိုပါ လိုက်လံဖြန့်ဝေပေးနေတယ်လို့ သိရပါတယ်။
ကျေးရွာနေသူတယောက်က “ပြည်သူ့စစ်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ညဘက်ကြီး အိမ်ရောက်လာတယ်။ မဲမဖြစ်မနေ ထည့်ရမယ် လာပြောတယ်။ မဲပေးရမယ့်ရက် သိလား၊ မဲသွားထည့်မယ် မဟုတ်လား၊ မဲပါတီကို မဲထည့်ရမယ်ဆိုတာ သိတယ် မဟုတ်လားလို့ အုပ်ချုပ်ရေးမှူးက မေးတယ်။ သိပါတယ်လို့ ပြောတော့မှ စကားပြောရတာ အဆင်ပြေတယ်။ ခြိမ်းခြောက်မဲထည့်ခိုင်းနေတာ” လို့ ပြောပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီနဲ့ နီးစပ်တဲ့ ကြံ့ခိုင်ရေးပါတီတခုတည်းသာ လွတ်လွတ်လပ်လပ် မဲဆွယ်ခွင့်ရနေပြီး ကျန်ပါတီတွေ မဲဆွယ်ရေးလုပ်ရာမှာ အခက်အခဲတွေ ရှိနေတဲ့အပြင် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကလည်း ကြံ့ခိုင်ရေးပါတီကိုသာ မဲထည့်ဖို့ ဖိအားပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရွေးကောက်ပွဲအပိုင်း ၃ မှာပါတဲ့ မော်လမြိုင်ကျွန်းမြို့နယ်ဟာ ကျေးရွာခွဲ ၆၇၀ ကျော်၊ ရပ်ကွက် ၁၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ မြို့နယ်တခု ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်း ရွေးကောက်ပွဲ ပထမပိုင်းကို ဒီဇင်ဘာ ၂၈ ရက်က မြို့နယ် ၈ ခုနဲ့ ရွေးကောက်ပွဲ ဒုတိယပိုင်းကို ဇန်နဝါရီ ၁၁ ရက်က ကန်ကြီးထောင့်၊ သာပေါင်း၊ ကျောင်းကုန်း၊ ဖျာပုံ၊ ကျိုက်လတ်၊ ဘိုကလေး၊ အိမ်မဲ၊ ဝါးခယ်မနဲ့ ပန်းတနော် မြို့နယ်တွေမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


