
ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ရေနံ့သာစစ်ဆေးရေးဂိတ်အနီးမှာ ရိုဟင်ဂျာ ၁၁ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၁၇ ရက် ညနေမှာ ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်းထဲကို ထွက်ပြေးဝင်ရောက်လာတဲ့ အမျိုးသမီးတွေအပါအဝင် ရိုဟင်ဂျာ ၁၁ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “အုပ်ချုပ်ရေးမှူးက ဖုန်းဆက်ပေးလို့ စကစ တပ်နဲ့ ရဲတွေက ဖမ်းတာ။ ရေနံ့သာဂိတ်အနီးမှာ အဖမ်းခံရတာ။ သူတို့က ခြေလျင်လာကြတာပေါ့။ တိုက်ပွဲတွေဖြစ်နေလို့ ထွက်ပြေးလာတာပေါ့။ ရခိုင်ပြည်နယ်ကနေလာတာလို့ ပြောတယ်။ ဘယ်မှာထား စစ်ဆေးနေလဲတော့ မသိသေးဘူး၊ တပ်နဲ့ရဲက စစ်ဆေးနေတာ” လို့ ပြောပါတယ်။
အဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၁၁ ယောက်မှာ အမျိုးသား ၇ ယောက်၊ အမျိုးသမီး ၄ ယောက်ဖြစ်ပြီး ရခိုင်ပြည်နယ် စစ်တွေနဲ့ ရမ်းဗြဲမြို့နယ်ဘက်ကနေလာတဲ့ ရိုဟင်ဂျာတွေ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် စက်တင်ဘာလကလည်း ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ကြံ့ခင်းမြို့နယ်မှာ ရခိုင်ပြည်နယ်ကဝင်လာတဲ့ ရိုဟင်ဂျာ ၁၉ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သေးတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။


