
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့မရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင် ၃ ယောက်နဲ့ ရဲမေ တယောက်ကို သေနတ်နဲ့ပစ်သတ်ပြီး ထွက်ပြေးသွားတဲ့ ရဲတပ်သားတယောက်ကို စစ်တပ်က ဇန်နဝါရီ ၁၇ ရက် မနက်က ဖမ်းမိပြီး ပစ်သတ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၁၆ ရက် မနက်က ကျောက်တံခါးမြို့မရဲစခန်းမှာ ရဲတပ်သား မင်းဉာဏ်ထက်အောင်နဲ့ ဇနီးဖြစ်သူတို့ စကားများ ရန်ဖြစ်ရာကနေ ရဲတပ်ကြပ်နဲ့ ရဲတပ်သား၂ ယောက်က ဝင်ရောက်ဖျန် ဖြေပေးရာမှာ ထပ်မံစကားများပြီး ဇနီးဖြစ်သူနဲ့ရဲ ၃ ယောက်ကို သေနတ်နဲ့ပစ်သတ်ပြီး ထွက်ပြေးသွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။
“လင်မယားချင်း စကားများတာ သူ့မိန်းမကလည်း ရဲမေပဲ။ စကားများတဲ့အချိန် ရဲတပ်ကြပ် တယောက်ရယ်၊ ရဲတပ်သား ၂ ယောက်ရယ် လာဆွဲတာ၊ ဆွဲရင်း စကားထပ်များပြီး သူ့မိန်းမရော ရဲသုံးယောက်ကိုရော သေနတ်နဲ့ပစ်သတ်ပြီး ထွက်ပြေးသွားတာ။ ထွက်ပြေးသွားတဲ့ ရဲကို စစ်တပ်က မနေ့က ဖမ်းမိပြီး ပစ်သတ်လိုက်တယ်။"
ထွက်ပြေးသွားတဲ့ ရဲတပ်သား မင်းဉာဏ်ထက်အောင်ကို ဇန်နဝါရီ ၁၇ ရက် မနက်က စစ်ကောင်စီတပ်က ပိန်းဇလုပ်မြို့ ကင်းပွန်းချုံဘုန်းကြီးကျောင်းအနီးမှာ ပစ်သတ်ခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ဒီဗွီဘီ ကိုပြောပါတယ်။
"ထွက်ပြေးသွားတဲ့ ရဲတပ်သားမှာ သေနတ်တွေရော ကျည်တွေရောပါသွားလို့ စစ်တပ်က အင် အားအလုံးအရင်းနဲ့လိုက်ရှာတာ၊ ပိန်းဇလုပ်ရဲစခန်းဘက်မှာ မိသွားတယ်။ မိတော့ ယူသွားတဲ့သေနတ်နဲ့ကျည်တွေ ပြန်တောင်းတယ်။ ရဲတပ်သားက ဖွက်ထားတဲ့နေရာ ကိုလိုက်ပြတယ်။ သေနတ်ပြန်ရရော အဲ့ဒီရဲတပ်သားကို စစ်တပ်က သေနတ်နဲ့ပစ်သတ်လိုက်တယ်။ ရဲစခန်းမှာတော့ ခုခံထွက်ပြေးလို့ ပစ်ခတ်တာဆိုပြီး စာတင်ထားတယ်။”
ကျောက်တံခါးမြို့နယ်ဟာ ရွေးကောက်ပွဲအပိုင်း ၃ မှာ ပါဝင်တဲ့အတွက် ရဲအချင်းချင်း ပစ်ခတ်မှု ဖြစ်စဥ်အပြီး စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်ကလည်း ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်မှာ ရဲတပ်ဖွဲ့ဝင်အချင်းချင်း စကားများရာက ပစ်ခတ်မှုဖြစ်ပြီး ဒုရဲအုပ်တယောက် သေဆုံးကာ ရဲတယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ ၂၀၂၃ ခုနှစ် ဇူလိုင် ၆ ရက်ကလည်း ပဲခူးတိုင်း၊ မင်းလှမြို့မရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင်အချင်းချင်း စကားများရာက ပစ်ခတ်မှုဖြစ်လို့ ရဲတပ်ကြပ်တယောက် သေဆုံးခဲ့ပါတယ်။


