မကွေးတိုင်း၊ မြိုင်မြို့နယ်က နှောပင်ရွာကို ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းက ဝင်ရောက်မီးရှို့လို့ လူနေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့သလို အမျိုးသမီး တ ယောက်လည်း မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့တာဝန်ရှိသူက “ညနေ ၆ နာရီလောက်မှာ တပ်မ ၈၈ နဲ့ ၉၉ ဘတ်တံဆိပ်တွေနဲ့ အင်အား ၂၅၀ လောက်ပါလာတဲ့ စကစ စစ်ကြောင်းက နှောပင်ရွာကို မီးဝင်ရှို့သွားတာပါ။ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ သက်သက်မဲ့ဝင်ရှို့သွားတာပါဗျ” လို့ ပြောပါတယ်။
နှောပင်ကျေးရွာဟာ မြိုင်မြို့နဲ့ မိုင် ၂၀ ကျော်ဝေးပြီး ပခုက္ကူမြို့နဲ့ ၁၀ မိုင်ကျော်လောက်မှာရှိတဲ့ ရွာဖြစ်ပါတယ်။
နှောပင်ကျေးရွာက နေအိမ်မီးရှို့ခံရတဲ့ ဦးဘိုသာ က “ကျနော်တို့ရွာမှာ အိမ်ခြေ ၇၀၀ နီးလောက်ရှိတယ်။ ညနေစောင်း အဲဒီစစ်ကြောင်းဝင်လာတော့ ရွာသားတွေထွက်ပြေးကြတာ လိုက်ဖမ်းပြီးတော့ ရွာကိုမီးရှို့တာပဲ။ အဖမ်းခံရသူတွေတော့ အကုန်ပြန်လွတ်ပါတယ်။ ဒါပေမဲ့ အသက် ၇၀ လောက်ရှိတဲ့ အမျိုးသားတယောက်ကတော့ သူတို့ ရိုက်နှက်ညှဉ်းပန်းတဲ့ ဒဏ်ရာတွေကြောင့် တိုက်နယ်ဆေးရုံတခုကို ပို့ထားရတယ်။ မီးလောင်ပျက်စီးတဲ့အိမ်ခြေက ၁၁၀ နဲ့ ၁၁၅ လုံး လောက်ဖြစ်ပြီးတော့ ရွာလယ်လမ်းရဲ့ အနောက်မြောက်ခြမ်းက အများဆုံးဖြစ်ပါတယ်။ မီးရှို့ခံရတဲ့အိမ်တလုံးထဲမှာ ကျန်းမာရေးမကောင်းပြီးတော့ ဆွေမျိုးသားချင်းလည်းမရှိသူ အသက် ၇၀ ဝန်းကျင်ရှိတဲ့ ဒေါ်မြကျင် လည်း မီးလောင်သေဆုံးခဲ့ပါတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကာင်စီတပ်ဖွဲ့ဝင်တွေဟာ ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းမှာ နှောပင်ကျေးရွာကနေ ပြန်လည်ထွက်ခွာသွားကြပေမဲ့ ဒေသခံတွေကတော့ ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ ၃ နာရီလောက်အထိ မီးလောင်ခံရတဲ့ နေအိမ်အဆောက်အအုံတွေကို ဝိုင်းဝန်း မီးငြှိမ်းသတ်နေရဆဲဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်း မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နှောပင်ကျေးရွာက လူနေအိမ်တွေအပြင် ရာသီပေါ်သီးနှံတွေဖြစ်တဲ့ စပါး၊ ဆန်၊ ပဲနဲ့ တခြားအိမ်တွင်းပစ္စည်းအများအပြားလည်း မီးလောင်ပျက်စီးခဲ့ရတာကြောင့် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
နှောပင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီ ၁၅ ရက်နေ့ မနက်ပိုင်းကလည်း ကိုင်းကျေးရွာကိုဝင်ရောက်မီးရှို့ခဲတာကြောင့် လူနေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးခဲ့ရပါသေးတယ်။









