စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်လို့ သံဃာတော်တချို့ ဒဏ်ရာရရှိခဲ့ကြသလို ဘုန်းကြီးကျောင်းဆောင်တွေလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကနီမြို့နယ်အရှေ့ဘက်ခြမ်း ရှမ်းမြောင်းရွာနားက အောင်စကြာစေတီကုန်းပေါ်မှာရှိတဲ့ အောင်မင်္ဂလာဘုန်းကြီးကျောင်းကို စစ်တပ်ကလေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်လုပ်သွားလို့ သံဃာတော်တွေ ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းဆောင်တွေလည်း ပျက်စီးသွားခဲ့ကြတာလို့ ဒေသခံက ပြောပါတယ်။
ကနီမြို့နယ် သတင်းနဲ့ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက “အောင်မင်္ဂလာဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်သွားတဲ့ ပထမ ၂ ကြိမ်က မုံရွာ နမခ ထဲကတက်လာကြတဲ့ ဂျိုင်ရိုကော်ပတာတွေနဲ့ပါ။ ဂျိုင်ရိုကော်ပတာတွေပြီးတော့မှ ကနီမြို့ပေါ်က စစ်တပ်ရဲ့ လက်အောက်ခံတွေလွှတ်တင်လိုက်တဲ့ တိုက်ခိုက်ရေးဒရုန်းတွေနဲ့ပါ ဗုံးတွေထပ်ကြဲသွားသေးတာပါ။ အဲ့ဒီကျောင်းမှာသီတင်းသုံးနေတဲ့ သံဃာတော် တပါး နဲ့ တောရဆောက်တည်နေတဲ့ သံဃာတော် တပါးတို့ မစိုးရိမ်ရတဲ့ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီးတော့ ဂန္ဓကုဋီတိုက်၊ ဓမ္မာရုံနဲ့ ကျောင်းဆောင်တွေ ပျက်စီးသွားပါတယ်”လို့ ပြောပါတယ်။
ရှမ်းမြောင်းကျေးရွာရဲ့အနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားနေတာမရှိတဲ့အပြင် အောင်မင်္ဂလာဘုန်းကြီး ကျောင်းမှာလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ စခန်းချနေထိုင်နေကြတာ မရှိဘဲ ဘုန်းကြီးကျောင်းကို အကြောင်းမဲ့လေကြောင်းတိုက်ခိုက်သွားတာလို့ လည်း ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဟာ ကနီမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအများအပြား ကိုသိမ်းပိုက်ရရှိထားသလို ကျေးရွာအများအပြားကိုလည်း ထိန်းချုပ်ထားနိုင်နေပြီလို့ ဆိုပါတယ်။
ဇန်နဝါရီ ၂၅ ရက်မှာ အာဏာသိမ်းစစ်တပ်က ကနီမြို့ပေါ်မှာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် အခုရက်ပိုင်းအတွင်း ချင်းတွင်းမြစ်ကြောင်းအတိုင်း သင်္ဘောတွေနဲ့ သယ်လာတဲ့ မဲပုံးတွေကို ကနီဆိပ်ကမ်းမှာ အတင်အချပြုလုပ်နေပါတယ်။
ပြည်သူတွေအနေနဲ့ ဒီနေ့ ဇန်နဝါရီ ၁၆ ရက်မှ ၂၇ ရက်အထိ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအ တွင်း ရေကြောင်းခရီးသွားလာတာတွေကို ယာယီမပြုလုပ်ကြဖို့ ကနီမြို့နယ်၊ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး (ဗဟို) အဖွဲ့က ထုတ်ပြန်ထားပါတယ်။










