
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အနောက်ခြမ်း မြင်သာဦးရွာအနီး သဖန်းဆိပ်ဆည်အတွင်း ရွှေမျောလုပ်ကွက်တွေကို ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၁၂ နာရီကျော်က စတင်ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၈ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဒေသခံ ရွာသားတယောက်က “နေ့ခင်း ၁၂ နာရီကစပြီး ၃ နာရီအထိ တသုတ် လေကြောင်းကနေ ဗုံးကြဲချတယ်ဗျ။ ညနေ ၃ နာရီ ၄၇ မိနစ်ကနေ ၃ နာရီ ၅၁ မိနစ်အထိ ဂျက်ဖိုက်တာတစီးနဲ့ ၃ ကြိမ်ဆက်တိုက် ဗုံးကြဲခဲ့တာဗျ။ ပြည်သူ ၅ ဦးကတော့ ဒဏ်ရာပြင်းထန်ရခဲ့တယ်။ အသေးစားဒဏ်ရာရတာကတော့ များတယ်ဗျ” လို့ ပြောပါတယ်။
အဆိုပါနေရာမှာ တိုက်ပွဲဖြစ်ပွားတာ မရှိပေမဲ့ သဖန်းဆိပ်ဆည်အတွင်း ရွှေမျှောလုပ်ကွက်တွေကို ဗုံးကြဲတိုက်ခိုက်တာလို့လည်း ဆိုပါတယ်။
ကျွန်းလှမြို့နယ် ပအဖ တာဝန်ရှိသူက “လေယာဉ်က ၅ စီးနဲ့ တိုက်ခိုက်တာ။ ဗုံးသီးအများအပြား အသုံးပြုသလို စက်လက်နက်နဲ့ပါ ပစ်ခတ်တာတွေပါ လုပ်တယ်။ အဓိကတော့ ပြည်သူတွေ လုပ်ကိုင်စားသောက်နေကြတာကို မနာလို ဖြစ်ပြီး လုပ်တာပေါ့။ ကျနော်တို့အနေနဲ့ကတော့ ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်တာကိုတော့ လုံးဝလက်မခံနိုင်ဘူး” လို့ ပြောပါတယ်။
ကျွန်းလှမြို့နယ်အတွင်း စစ်တပ်ထောက်ခံသူတွေက ပြည်သူတွေ လုပ်ကိုင်စားသောက်နေကြတဲ့ ရွှေလုပ်ကွက်တွေ၊ ရေနံလုပ်ကွက်တွေကို စစ်တပ်ထံ သတင်းပို့ပြီး လေကြောင်းကနေ တိုက်ခိုက်ခိုင်းနေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။


