
ရွေးကောက်ပွဲ တတိယပိုင်းကို ကျင်းပနိုင်ဖို့ စစ်ကောင်စီက နေရာတော်တော်များများကို အင်အားဖြည့်တင်းလာတဲ့အတွက် တိုက်ပွဲဖြစ်ပွားတာတွေ ရှိတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ရဲ့ အမှတ် ၃၁ ဗျူဟာ လက်အောက်ခံ စစ်ကြောင်းတာဝန်ရှိသူက ပြောပါတယ်။
စစ်တပ်က နောက်ဆုံးအကြိမ် ပြုလုပ်မဲ့ ရွေးကောက်ပွဲအပိုင်း ၃ ကို ကရင်ပြည်နယ်ထဲက ကော့ကရိတ်မြို့နယ်နဲ့ ကြာအင်းဆိပ်ကြီး မြို့နယ် ၂ ခုမှာ ပြုလုပ်သွားမှာပါ။
ဒါကြောင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့ လူ၊ လက်နက်အင်အား ဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားလာတဲ့အတွက် အမှတ် ၃၁ ဗျူဟာ လက်အောက်ခံ စစ်ကြောင်းတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
အမှတ် ၃၁ ဗျူဟာ၊ စစ်ကြောင်း တပ်ရင်းမှူး ဗိုလ်ကျော်ဟိန်းက “သူတို့ ဒီဘက်ကိုတော့ တော်တော်များများ ဖြည့်တင်းတယ်။ နောက်ပြီးတော့ KNA ဆိုပြီးတော့ ကိစ္စတွေရော၊ တခြားကိစ္စတွေကော အဲဒါနဲ့ပတ်သက်ပြီးတော့လည်း နေရာတော်တော်များများကို ဖြည့်တင်းထားတာရှိတယ်။ နယ်မြေရှင်းလင်းဖို့ ဆိုတာက ဘယ်ရမလဲ၊ ကျနော်တို့လည်း သေနတ်ကိုင်ထားတယ်လေ၊ လာရဲရင်လာပေါ့။ တိုက်ပွဲငယ်လေးတွေတော့ ရှိတာပေါ့။ ထိခိုက်ကျဆုံးကတော့ ကျနော်တို့နဲ့ ထိတွေ့တဲ့ ပွဲတွေမှာတော့ တခါတလေကျရင် သူတို့က လူအင်အား လက်နက်အင်အားနဲ့ ဖိတာများတော့ ကျနော်တို့ အလောင်းတွေ တချို့တဝက် ရတာတွေ ရှိတယ်။ တချို့ လက်နက်ရတာတွေ ရှိတယ်။ သူတို့ဘက်က ပစ်အားကောင်းတယ်ဆိုတော့ မရတာတွေလည်းရှိတယ်” လို့ ပြောပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီက ကင်းထောက်ပျံသန်းပြီး လေကြောင်းကနေ ဗုံးကြဲတာအပြင် ဒရုန်းဗုံးကြဲတာတွေ ပုံမှန်လုပ်ဆောင်နေတယ်လို့ အမှတ် ၃၁ ဗျူဟာ လက်အောက်ခံ စစ်ကြောင်းတာဝန်ရှိသူက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီ စစ်ကြောင်းတွေ စစ်ကြောင်းထိုးနေတာ၊ မြေပြင်ကနေ လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် ထီဖိုးစံ၊ နန်းရွှေမိတ်၊ မိဖာလဲ့၊ နောင်တပွဲ၊ နောင်ကိုင်း၊ နောင်တပ္ပံ၊ မြပတိုင်၊ နောင်မိ စတဲ့ကျေးရွာ ၂၀ က သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်ရှောင်အရေး ကူညီပေးသူတယောက်က “ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့မှ စကမဘက်က နေပြီးတော့ ဖြတ်တောက်ထားတာတွေ တချို့ရှိတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်လာနိုင်တဲ့ နေရာတွေ ဧရိယာတွေကို ကြိုတင်ပြီးတော့မှ ပိတ်ဆို့တာတွေ သူတို့ လုပ်ဆောင်နေတယ်။ အခုလက်ရှိကတော့ ဂျိုင်းအနီးအနားတဝိုက်မှာဆိုရင် မြောက်ပိုင်းဘက်ကနေ တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်သွားလာ လှုပ်ရှားလို့ ရနိုင်တဲ့ လမ်းကြောင်းမှန်သမျှ ရေကြောင်း၊ ကုန်းကြောင်း မှန်သမျှ သူတို့ဘက်ကနေပြီး ပိတ်ဆို့ပြီးတော့မှ စောင့်ကြည့်နေတဲ့ အနေအထားတွေကို ကျနော်တို့ မြင်တွေ့နေရတယ်။ လက်ရှိ မြေပြင်မှာတော့” လို့ ပြောပါတယ်။
ဒါ့အပြင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဖားသိမ့်၊ ချောင်းနှစ်ခွ ကျေးရွာဘက်ကနေ စစ်ကောင်စီက စစ်အင်အား တိုးချဲ့လာတာကြောင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ် တိုက်ခိုက်ခံနေရတယ်လို့ စစ်ရှောင်အရေး ကူညီပေးသူတွေက ပြောပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပမဲ့ ကော့ကရိတ်မြို့နယ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၆၀ မှာ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခြေအနေ မရှိဘူးလို့ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
အောင်ခန့်


