Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ အရပ်သား ၂ ဦးကို ဖမ်းဆီးပြီး ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်
DVB
·
January 15, 2026
Photo: Soe Win

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်နဲ့ ဟင်္သာတမြို့နယ်က အရပ်သား ၂ ယောက်ကို လူမှုကွန်ရက်ပေါ်မှာ ရွေးကောက်ပွဲကို ပျက်ပြားအောင် လှုံ့ဆော်တဲ့စာတွေကို ပြန်လည်မျှဝေမှုနဲ့ ဖမ်းဆီး အမှုဖွင့်ထားတယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးခံခဲ့ရသူတွေဟာ ကန်ကြီးထောင့်မြို့၊ မြဝတီရပ်ကွက်က ဦးခင်မောင်မောင်သွင်နဲ့ ဟင်္သာတမြို့နယ် ကနောင်စုရပ်ကွက်က ဒေါ်မြသီတာတို့ ဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက ဇန်နဝါရီ  ၉ ရက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “ရွေးကောက်ပွဲကျင်းပနေချိန် ရည်ရွယ်ချက်ရှိရှိနဲ့ ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်တဲ့စာတွေကို လူမှုကွန်ရက်ကတဆင့် ပြန်လည်မျှဝေမှုနဲ့ ဖမ်းခဲ့တာလို့ သိရတယ်။ ဟင်္သာတနဲ့ ကန်ကြီးထောင့် မြို့မရဲစခန်းမှာ ဖမ်းထားတယ်” လို့ ပြောပါတယ်။

ဦးခင်မောင်မောင်သွင်နဲ့ ဒေါ်မြသီတာတို့ကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၃(က) နဲ့ ဟင်္သာတနဲ့ ကန်ကြီးထောင့် မြို့မရဲစခန်းတွေမှာ အသီးသီး အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ဥပဒေကျွမ်းကျင်သူတယောက်က “သူတို့အသုံးပြုတဲ့ ဖေ့စ်ဘွတ်ခ် အကောင့်တွေကနေ သူများပြောဆို ဝေဖန်ထားချက်တွေကို Share (မျှဝေမှု) လုပ်မှုနဲ့ အဖမ်းခံထိတာ။ ၂ ယောက်လုံး အမှုဖွင့်ခံရတာ ဟုတ်တယ်။ ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေနဲ့ပါ” လို့ ပြောပါတယ်။

ဥပဒေပုဒ်မ ၂၃(က) ဟာ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ် ဒါမှမဟုတ် လုပ်ငန်းစဉ် တစိတ်တဒေသကို ပျက်ပြားစေဖို့ ဟောပြောတာ၊ ပြောဆိုတာ၊ စည်းရုံးလှုံ့ဆော်တာ၊ ဆန္ဒပြတာ စာရေးသားဖြန့်ချိတာတွေ မလုပ်ဖို့ တားမြစ်ထားပြီး ဖောက်ဖျက်ကျူးလွန်ရင် အနည်းဆုံး ထောင် ၃ နှစ်ကနေ အများဆုံး ထောင် ၇ နှစ်ထိ ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။

ဒီဥပဒေနဲ့ အရေးယူခံရသူပေါင်း အယောက် ၃၃၀ ကျော်ရှိနေပြီလို့ စစ်ကောင်စီက ထုတ်ပြန်ထားပြီး ဒါဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တာဖြစ်သလို စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ် မျှတမှုမရှိတဲ့ သက်သေအထောက်အထားအဖြစ် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တွေက ဝေဖန် ထောက်ပြကြပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013